၂၆. ၁၁. ၂၀၂၃
Written by Phyo Wei

၁၀၂၇ စစ်ဆင်ရေးနဲ့ ရှမ်းမြောက်ကစတဲ့တိုက်ပွဲတွေက တစ်လမပြည့်ခင်ကာလမှာ ၁၁ မြို့သိမ်းထားနိုင်ပြီပြောထားပြီး ဒီပမာဏက စစ်ရေးအောင်မြင်တယ် ယူဆလို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၁၁၂၇ စစ်ဆင်ရေး လုပ်မယ်လို့ ထပြောလာတဲ့အခိုက်မှာ ပြည်သူအားလုံးဟာ မျက်ကလူးဆန်ပြာနဲ့ သွားတထိတ်ထိတ်၊ လာတထိတ်ထိတ်ပါ။ ဒီလိုမျိုးကာလမှာ ဘယ်သူကမှ စီးပွားတိုးရှာဖို့ အထူးတ လည်မလုပ်နိုင်သလို ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစဥ်တွေလည်း တုံ့ဆိုင်းမှုမြင်ရတာ မဆန်းဘူးလို့ ပြောရမှာပါ။

သတင်းကောင်းတချို့ကတော့ ရန်ကုန်မြို့လယ် ဆူးလေစေတီဘေးက Yoma Central ပြန်လည်ပတ်ဖို့လုပ်ဆောင်နေသလိုပဲ ကာလကြာရှည်ရပ်တန့်နေတဲ့ ဆီဒိုးနားဟိုတယ် ပြန်လည်ပတ်ဖို့လုပ်ဆောင်နေတာကြောင့် ဒီလိုမျိုး နိုင်ငံစုံကော်ပိုရေးရှင်းတွေ ပြန်စဖို့ အားယူလာတာက ၁၁၂၇ စလည်း မှုလောက်စရာမဟုတ်လို့သာ သူတို့ပြန်စနေတာလို့ တွေးစရာဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ စိုက်ပျိုးစရိတ်ချေးငွေကို လေးသိန်းအထိ တိုးပေးဖို့ကြံဆနေတာ၊ ကုန်ထုတ်လုပ်မှုကျဆင်းနေလို့ တိုးတက်ရေးကြိုးပမ်းနေတာနဲ့ ကျင်စန်းကျော့နယ်စပ်ဂိတ်ဂယက်တွေအကြောင်း သုံးသပ်ချင်ပါတယ်။

တိုးပေးမဲ့ စိုက်ပျိုးစရိတ်ချေးငွေ

စိုက်ပျိုးစရိတ်ချေးငွေ တစ်ဧကကို အခြားသီးနှံအတွက် တစ်သိန်းနဲ့ စပါးအတွက် တစ်သိန်းခွဲပဲပေးတဲ့နိုင်ငံမှာ လယ်တစ်ဧက လေးသိန်းအထိထုတ်ချေးပေးနိုင်ဖို့ပြင်ဆင်နေပြီဖြစ်ပါတယ်။

ဒါပေမဲ့လည်း သီးထပ်စိုက်ဧက ၁၁ သန်းကျော်နဲ့ သီးညှပ်စိုက်ဧက ၃၄ သန်းကျော်ရှိတဲ့ နိုင်ငံမှာ အကုန်လုံးကိုတော့ ပေးနိုင်မှာမဟုတ်ဘဲ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်နဲ့ နေပြည်တော်ကောင်စီက ဧက ၅၀ ဝန်းကျင်ရှိတဲ့ လယ်သမားကြီးတွေကိုပဲ လာမဲ့နွေစပါးရာသီကစ တစ်ဧက လေးသိန်းထုတ်ချေးပေးမှာဖြစ်ပြီး ပေးနိုင်တာကလည်း ဧကတစ်သိန်းလောက်ပဲရှိတာပါ။

စားနပ်ရိက္ခာမလုံလောက်မှုမြင့်တက်လာတဲ့ကမ္ဘာကြီးဟာ နိုင်ငံတိုင်းနိုင်ငံတိုင်း Food Security ကို ဦးစားပေးလာချိန် ဆန်ပိုနိုင်ငံ၊ စိုက်ပျိုးရေးနိုင်ငံ မြန်မာဟာ ဒီအခွင့်အခါကောင်းကို ဆုပ်ကိုင်နိုင်ရင် တိုင်းပြည်တိုးတက်ဖို့က ချိန်ခါသင့်မှာဖြစ်ပေမဲ့ ကံမကောင်းစွာဘဲ မြန်မာနိုင်ငံကတော့ တစ်နိုင်ငံလုံးလိုလိုစစ်ဖြစ်နေတာကြောင့် လယ်မြေတွေဟာ မိုင်းကွင်း၊ ခရီးလမ်းတွေက ဆက်ကြေးကောက်၊ ဆီစျေးက မြင့်တက်ပြီး မကြာခဏပြတ်တောက်နေတယ် အဖွခံနေရတဲ့ အခိုက်အတန်မို့လို့ စိုက်ပျိုးရေးနိုင်ငံတစ်ခုက ဆန်ပိုနိုင်ငံတစ်ခုက ပြည်သူတွေကိုယ်တိုင် Food Security ကို မတွေးနိုင်တဲ့အပြင် ဝိသမလောဘသားတွေ ဖြစ်သင့်တဲ့စျေးထက် ဆွဲတင်တာကို ငုံ့ခံနေရပြန်တာလည်း ရင်နာစရာလို့ပဲ…။

ကုန်ထုတ်လုပ်မှုမြင့်တက်ရေးကြိုးပမ်းမှု

တိုက်ပွဲတွေ စဥ်ဆက်မပြတ်ဖြစ်ပွားလာမှုနောက်မှာ ငြိမ်းချမ်းစွာနေထိုင်လိုတဲ့ မြန်မာလူငယ်တွေက လက်နက်ကိုင်တိုက်ပွဲတွေကြား ဝင်မပါချင်လို့ ပြည်ပလုပ်သားအဖြစ် အလုံးအရင်းနဲ့ထွက်ဖို့ ကြိုးစားကြပါတယ်။ သူတို့ဟာ ပြည်ပမထွက်ရရင် လက်နက်ကိုင်အဖြစ် ဘဝပြီးသွားမဲ့ ဘက်ပေါင်းစုံရန်ကြောက်တာကြောင့် ဘယ်သူနဲ့မှမပါချင်လို့ ပြည်ပကိုဦးတည်ထွက်ချိန်မှာ ကြုံလာရတာက ဦးနှောက်ယိုစီးမှု၊ ကျွမ်းကျင်လုပ်သားရှားပါးမှုနဲ့ အခက်ကြုံနေရတဲ့ ကုန်ထုတ်လုပ်မှုပါ ကျဆင်းလာတော့တာပါပဲ။

နိုင်ငံရဲ့ အခြေအနေအရ လက်နက်ကိုင်အကြမ်းဖက်သမားအဖြစ်ခံမလား၊ ပြည်ပသွားအလုပ်လုပ်မလား ရွေးစရာနှစ်ခုရဲ့ ဖိအားအောက် လူငယ်တွေရောက်နေချိန်မှာ လူငယ်အများစုက လက်နက်ကိုင်အကြမ်းဖက်သမားဘဝကို အပြင်းအထန်ရှောင်ကွင်းပြီး ပြည်ပသွားဖို့ ကြိုးစားလာမှုနောက်ကွယ်နဲ့ စစ်ရေးပဋိပက္ခအောက်မှာ ဖြစ်လာတဲ့အခြေအနေက ကုန်ထုတ်လုပ်မှုကျတာနဲ့ ကျွမ်းကျင်လုပ်သားရှားပါးမှုပြဿနာပါ။

တစ်ဖက်မှာလည်း ဂျပန်အခြေစိုက် S&P စစ်တမ်းမှာ မြန်မာ့ကုန်ထုတ်လုပ်မှုက ၂၀၂၃ ထဲ ရှစ်လဆက်တိုက် တိုးတက်ရာက အောက်တိုဘာမှာစ ကျတယ်ပြောလာပါတယ်။ ဒါတွေကြောင့် ကုန်သည်စက်မှုအသင်းချုပ်ကတော့ ကုန်ထုတ်လုပ်မှုတိုးတက်ဖို့ သံရုံးတွေ၊ နိုင်သံတကာအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေဖိတ်ပြီး ပြည်ပရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ဖို့ ကြိုးစားမယ်ပြောလာတာ တွေ့ရပါတယ်။ ဒါပေမဲ့လည်း စီးပွားရေးထိခိုက်မှုနဲ့ ကုန်ထုတ်လုပ်မှုကျဆင်းခြင်းရဲ့ အရင်းခံက နိုင်ငံရေးအကျပ်အတည်းကြောင့်ဖြစ်လာတာဆိုတော့ စီးပွားရေးဆိုင်ရာလေးပဲကွက်ပြီးဖြေရှင်းနေရင်တော့ အဖြေဟာ လိုက်လေဝေးလေ….။

ကျင်စန်းကျော့ဂယက်

တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်တွေထဲက အများဆုံးကုန်သွယ်တဲ့ ချင်းရွှေဟော်နဲ့ မူဆယ်ရဲ့ တစ်ရက်ကုန်သွယ်မှုပမာဏာက ဒေါ်လာ ၉ သန်းလောက်ရှိပါတယ်။ ချင်းရွှေဟော်ကို အောက်တိုဘာ ၂၇ ရက်ကစ MNDAA သိမ်းအပြီးမှာ မူဆယ်နယ်စပ်စခန်းပါ ကုန်သွယ်မှုရပ်သွားခဲ့ပြီး ကုန်ကားတွေလည်း ပိတ်မိသွားခဲ့ပါတယ်။

နိုဝင်ဘာ ၂၃ ရက်မှာတော့ မူဆယ်ဘေး ကျင်စန်းကျော့နယ်စပ်ဂိတ်ထဲက ၁၀၂၇ စစ်ဆင်ရေးကြောင့် ပိတ်မိနေတဲ့ ကုန်ကားတွေပေါ် MNDAA၊ TNLA နဲ့ AA သုံးဖွဲ့က ဒရုန်းနဲ့ ဗုံးချခဲ့တာကြောင့် တိုက်ပွဲကြား ပိတ်မိလို့ ရပ်နားထားတဲ့ ကုန်ကား ၁၂၈ စီး မီးလောင်ခဲ့ပါတယ်။ ကုန်ကားတစ်စီးဟာ ကားနဲ့ကုန်တန်ဖိုးပေါင်းရင် သိန်း ၃၀၀၀ နဲ့ ၅၀၀၀ ကြားတန်ဖိုးရှိနေလို့ ဒီတိုက်ပွဲကြားမှာ ကုန်ကားပိုင်ပြည်သူ့နစ်နာမှုက ကျပ်ဘီလျံ ၆၀ ပတ်လည်ဖြစ်ခဲ့ပါတယ်။ ကနဦးမှာတော့ ကျင်စန်းကျော့ကို ဒရုန်းချတဲ့ MNDAA နဲ့အဖွဲ့က တပ်ကိုလွှဲချပေမဲ့ နောက်ဆုံးမှာတော့ သူတို့တမင်ဗုံးချလိုက်တာကို သူတို့ထောက်ခံတဲ့မီဒီယာတွေကပဲ ဖော်ထုတ်ခဲ့သလို နိုဝင်ဘာ ၂၆ ရက် ဒီနေ့မှာတော့ ကျင်စန်းကျော့ဂိတ်ကို သူတို့သိမ်းလိုက်ပြီလို့ သူတို့ထောက်ခံတဲ့မီဒီယာတွေကဖော်ပြလာတာတွေ့ရပါတယ်။

MNDAA ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ မုန်းကိုး၊ ပန်ဆိုင်း သိမ်းထားပြီးပြီပြောထားသလို မုံးကိုး-မန်ဟိုင်း၊ ကြူကုတ်-ပန်ဆိုင်းနဲ့ ဝမ်တိန်၊ ကျင်စန်းကျော့နဲ့ ဝမ်တိန်၊ ချင်းရွှေဟော်နဲ့ မိန်းတိန်ဂိတ်တွေ သိမ်းထားပြီးပြီလို့ ဆက်တိုက်ဖော်ပြနေတာကြောင့် ဒီမြို့၊ ဒီဂိတ်တွေ MNDAA တကယ်ရနေပြီလို့ တွေးစရာဖြစ်လာပါတယ်။ တစ်ဖက်မှာလည်း MNDAA ဟာ မြို့တချို့နဲ့ ဂိတ်တွေသိမ်းထားပြီလို မကြာခဏထုတ်ပြန်ပေမဲ့လည်း တရုတ်ကိုသူတို့ပြေးပေါင်းဖို့မဖြစ်နိုင်သလို မြန်မာ့မြေကလည်း သူတို့ထွက်မရတာကြောင့် စစ်နိုင်သူအဖြစ် အပစ်အခတ်ရပ်စဲပြီး ကုန်သွယ်မှုလမ်းကြောင်း သူတို့အကောင်အထည်ဖော်၊ ငြိမ်းချမ်းရေးစကားဆိုတာက စစ်နိုင်သူက ပြောရတာလို့ သက်သေပြရင်း ကုန်သွယ်မှုပြန်လည်ပတ်အောင်လုပ်လာမလားဆိုတာ တွေးစရာပါလို့ တင်ပြရင်းနဲ့ပဲ…..။

Leave a Reply

Your email address will not be published. Required fields are marked *