◾ KNU နှင့် PDF က ရန်ကုန်သို့ ပို့နေသည့် ဓာတ်ငွေ့ပိုက်လိုင်းကို ဖျက်ဆီး၍ ရန်ကုန်မြို့အတွက် လျှပ်စစ်ဓာတ်အား ၅၅ မဂ္ဂါဝပ် လျော့ကျ

၂၅. ၁၁. ၂၀၂၃

Written by Nyein Kyaw

မြန်မာ-တရုတ်နှစ်နိုင်ငံ အကျိုးစီးပွားနှင့် ဆက်ဆံရေးကို ထိခိုက်စေရန် ရည်ရွယ်၍ TNLA၊ AA ပူးပေါင်းအဖွဲ့မှ ရှမ်းမြောက်ဒေသ၊ ကျောက်မဲမြို့နယ်ရှိ တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ထိန်းချုပ်ရေးစခန်းတစ်ခုကို ဝင်ရောက်ဖျက်ဆီးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ပြောကြားခဲ့သည်။

“တရုတ်-မြန်မာနှစ်နိုင်ငံရဲ့ စီးပွားရေးနဲ့ ဆက်ဆံရေး မဟာဗျူဟာကျတဲ့ တရုတ်-မြန်မာ ရေနံဓာတ်ငွေ့ ပိုက်လိုင်းကိုပါ အနှောင့်အယှက်ပေးလာတာကို တွေ့ရပါတယ်။ TNLA၊ AA ပူးပေါင်းအဖွဲ့အနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ဇီပင်ကျေးရွာအနီးမှာရှိတဲ့ တရုတ်-မြန်မာ ရေနံသဘာဝဓာတ်ငွေ့ ပိုက်လိုင်း ထိန်းချုပ်ရေးစခန်းတစ်ခုကို နိုဝင်ဘာ ၁၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ဝင်ရောက်နေထိုင်ပြီးတော့ ထိန်းချုပ်‌ ရေးစခန်းတွေမှာရှိတဲ့ ဆက်သွယ်ရေးကိရိယာတွေ၊ လုံခြုံရေး ကိရိယာတွေ၊ လုပ်ငန်းသုံးပစ္စည်းများကို ဝင်ရောက်ဖျက်ဆီးသွားတာကို တွေ့ရပါတယ်။ ဒါတွေကို စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ အချိန်မီ ထိန်းသိမ်းပြုပြင်ခဲ့ရပါတယ်။ နှစ်နိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်အောင် ရည်ရွယ်ပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရပါတယ်။ မြန်မာ နိုင်ငံအစိုးရအနေနဲ့ အဲဒီနေရာတွေမှာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းနေရာတွေမှာ လုံခြုံရေးတိုးမြှင့်ချထားပြီး လုံခြုံမှုရှိအောင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

This image has an empty alt attribute; its file name is 403113097_122138546132030934_5553717740980136869_n.jpg

MNDAA၊ TNLA၊ AA အဖွဲ့များအနေဖြင့် မြန်မာ-တရုတ် စီးပွားရေးနှင့် ဆက်သွယ်ရေးတို့အတွက် အဓိကကျသည့် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ရှိ တံတားများကို ဖောက်ခွဲဖျက်ဆီးခြင်းများ၊ လမ်းများပိတ်ဆို့ခြင်းများ၊ လမ်းများဖျက်ဆီးခြင်းတို့ကို ဆောင်ရွက်ပြီးနောက် မြန်မာ-တရုတ် နှစ်နိုင်ငံစီးပွားရေးနှင့် ဆက်ဆံရေးတို့ ထိခိုက်လာအောင် ရည်ရွယ်ချက်ရှိရှိဖြင့် ဓာတ်ငွေ့ပိုက်လိုင်းများကို ဖျက်ဆီးနေကြောင်းဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့အတူ ကရင်ပြည်နယ်၊ ဘားအံမြို့ ၁၀ မိုင်ကုန်းရွာအနီးရှိ သထုံဓာတ်အားပေးစက်ရုံကို ပေးပို့နေသည့် ဓာတ်ငွေ့ပိုက်လိုင်းကိုလည်း နိုဝင်ဘာ ၁၆ ရက်တွင် KNU နှင့် PDF အဖွဲ့များက မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် သထုံဓာတ်အားပေးစက်ရုံမှ ဓာတ်အားပေးနေရသည့် ဓာတ်အား ၃၀ မဂ္ဂါဝပ် လျော့နည်းခဲ့ပြီး ရန်ကုန်- ဘားအံ- သထုံ စသည့်နေရာများ၌ လျှပ်စစ်ဓာတ်အား လျော့နည်းမှုဖြစ်ပေါ်ခဲ့သည့်အပြင် ရန်ကုန်သို့ ပေးပို့နေသည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကိုလည်း ဖောက်ခွဲခံရမှုများကြောင့် ရန်ကုန်မြို့သို့ ပေးပို့နေသည့် လျှပ်စစ်ဓာတ်အား ၅၅ မဂ္ဂါဝပ်လျော့ကျခဲ့သည်။

This image has an empty alt attribute; its file name is 403732768_122138546108030934_391015142682999270_n.jpg

“ရန်ကုန်ကိုပေးပို့နေတဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို မွန်ပြည်နယ်၊ သထုံ၊ ညောင်ချောင်းကျေးရွာအနီးမှာ ဒီလ ၂၃ ရက် ည ၇ နာရီခွဲလောက်မှာ မိုင်းထောင်ဖောက်ခွဲခဲ့ပါတယ်။ ရန်ကုန်ကို ပို့နေတဲ့ သဘာဝဓာတ်ငွေ့များ လျော့ နည်းပြီး ရန်ကုန်ကို ပေးပို့နေတဲ့ လျှပ်စစ်ဓာတ်အား ၅၅ မဂ္ဂါဝပ် လျော့နည်းခဲ့ရပါတယ်။ အမြန်ပြုပြင်ရေး၊ လုံခြုံ‌ ရေးဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ပြည်သူလူထု၏ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်နှေးစေရန် ရည်ရွယ်၍ ယခုနောက်ပိုင်းတွင် သောင်းကျန်းသူများက စီးပွားရေးလုပ်ငန်းများအတွက် အဓိကကျသည့် လျှပ်စစ်ဓာတ်အား တာဝါတိုင်များ၊ ဓာတ်အားခွဲရုံများကို Drops Bomb ချတိုက်ခိုက်ခြင်းများ၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းများကို ဖျက်ဆီးခြင်းကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *