၂၂. ၁၁. ၂၀၂၃
Written by Ye Kyaw

ကျောက်ဖြူအထူးစီးပွား‌ရေးဇုန်တွင် အကောင်အထည်ဖော်မည့် ရေနက်ဆိပ်ကမ်းစီမံကိန်း၌ ပူးပေါင်းဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံဘက်မှ အစိုးရအသိအမှတ်ပြု မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများပါဝင်သည့် Myanmar Government Designated Entity Consortium ဖွဲ့စည်းရေး စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest- EOI) ရောင်းချမှုကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်အထိ သတ်မှတ်ခဲ့သော်လည်း အချို့သော စိတ်ဝင်စားသည့်ကုမ္ပဏီများမှ ဝယ်ယူနိုင်ရေးအတွက် လျှောက်လွှာများကို ဒီဇင်ဘာ ၃၀ ရက်အထိ ရက်တိုးမြှင့် ရောင်းချသွားမည်ဖြစ်ကြောင်း ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် အသိပေးကြေညာထားသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် အကောင်အထည်ဖော်မည့် ရေနက်ဆိပ်ကမ်းစီမံကိန်း၌ ပူးပေါင်းဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံဘက်မှ အစိုးရအသိအမှတ်ပြု မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီများပါဝင်သည့် (Myanmar Government Designated Entity Consortium) ကို ဒေါ်လာငါးသန်း ထည့်ဝင်နိုင်မည့် မြန်မာကုမ္ပဏီများဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ (စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန) မှ နိုဝင်ဘာ ၄ ရက်တွင် ကြေညာထားသည်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် မြန်မာ- တရုတ်နှစ်နိုင်ငံအကြား ပြန်လည်ညှိနှိုင်းဆွေးနွေးမည့် အချက်များကို ခွင့်ပြုထားပြီးဖြစ်၍ ဆွေးနွေးမှုများပြုလုပ်ပြီးပါက စီမံကိန်းအား အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း SAC ဒုတိယ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အောက်တိုဘာ ၁၂ ရက်တွင် ပြုလုပ်သည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၃) တွင် ပြောကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *