၂၂.၁၁.၂၀၂၃.
Translated by Htwe Ko Tun

ဟားမားစ်တို့က အစ္စရေးနိုင်ငံတောင်ပိုင်းကို အောက်တိုဘာ ၇ ရက်က ဝင်ရောက်တိုက်ခိုက်စဉ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သော ဓားစာခံ ၂၃၉ ဦးအနက် ၅၀ ဦးအထိကို ပြန်လည်လွှတ်ပေးရန်အတွက် ဂါဇာကမ်းမြောင်ဒေသအတွင်း လေးရက်ကြာယာယီအပစ်အခတ်ရပ်ဆိုင်းပေးရန် အစ္စရေးအစိုးရက နိုဝင်ဘာ ၂၂ ရက် နံနက်တွင် အတည်ပြုခဲ့ကြောင်း သိရသည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျာမင်နေတန်ရာဟုက “ကျွန်တော်တို့အနေနဲ့ ဒီကိစ္စအတွက် ဆုံးဖြတ်ချက်ချဖို့ ခက်ခက်ခဲခဲစဉ်းစားခဲ့ရတယ်။ ဒါပေမယ့် မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ယူဆရမှာပါ” ဟု ပြောခဲ့သည်။

သို့သော် သဘောတူညီချက်အား ဆန့်ကျင်သည့်ပြိုင်ဘက်များကမူ ၎င်းကဓားစာခံအားလုံးလွတ်မြောက်ရေးအတွက် အစ္စရေး၏စွမ်းဆောင်နိုင်အားကို ထိခိုက်စေမည်ဖြစ်ပြီး အစ္စရေးစစ်ဖက်၏ ဂါဇာတွင် ဟားမားစ်တို့အား အပြုတ်တိုက်နိုင်ရေးလှုပ်ရှားမှုကို ရှုပ်ထွေးစေနိုင်မည်ဟု သတိပေးခဲ့ကြသည်။ ထို့ပြင် ၎င်းတို့က ခေတ္တအပစ်အခတ်ရပ်ဆိုင်းခဲ့မှုက စစ်ပွဲကိုတစ်ဖန်ပြန်လည်စတင်ရန် ခက်ခဲစေလိမ့်မည်ဟုလည်း သတိပေးစကားပြောခဲ့ကြသည်။

သဘောတူညီချက်အရ အစ္စရေးဘက်မှ ၉၆ နာရီကြာ အပစ်အခတ်ရပ်ဆိုင်းပေးမှုအတွက် ဟားမားစ်တို့က ဓားစာခံ ၅၀ ကို ပြန်လွှတ်ပေးမည်ဖြစ်သည်။ အတည်ပြုခဲ့သော သဘောတူညီချက်အရ ကလေးငယ် ၃၀၊ မိခင်ရှစ်ဦးနှင့် အခြားအမျိုးသမီး ၁၂ ဦးတို့ကို ဟားမားစ်တို့က ပြန်လွှတ်ပေးမည်ဖြစ်သည်။ အဆိုပါဓားစာခံ ၅၀ ကို လေးရက်တာကာလအတွင်း တစ်ပြိုင် တည်းမဟုတ်ဘဲ အုပ်စုငယ်လေးများခွဲ၍ လွှတ်ပေးမည်ဟု သိရသည်။

အကယ်၍ ယာယီအပစ်အခတ်ရပ်စဲရေးကို နောက်ထပ်လေးရက်တိုးမြှင့်ခဲ့ပါက ဓားစာခံ ၃၀ ဦးကို ဟားမားစ်တို့ကထပ်မံလွှတ်ပေးရန်ဖြစ်နိုင်ခြေရှိသည်ဟုလည်း သတင်းများကဆိုသည်။ လွှတ်ပေးမည့်သူများအားလုံးက အစ္စရေးနိုင်ငံသားများဖြစ်ကြောင်းလည်း သိရသည်။

ဟားမားစ်တို့ကလည်း ယာယီအပစ်အခတ်ရပ်ဆိုင်းရေး သဘောတူညီချက်ကို အတည်ပြုကြိုဆိုခဲ့ပြီး အစ္စရေးထောင်များတွင်ဖမ်းဆီးထားသော ပါလက်စတိုင်း အမျိုးသမီးနှင့်ကလေးငယ် ၁၅၀ ကို အစ္စရေးဘက်ကပြန်လွှတ်ပေးလိမ့်မည်ဟု ပြောခဲ့သည်။

အောက်တိုဘာ ၇ ရက်မှ စတင်ခဲ့သောအစ္စရေး-ဟားမားစ်စစ်ပွဲအတွင်း နိုဝင်ဘာ ၂၁ ရက်အထိ ဂါဇာဒေသ၌ ပြည်သူ ၁၄,၁၀၀ ဦး ခန့် သေဆုံးခဲ့ပြီး ဟားမားစ်တို့တိုက်ခိုက်မှုများကြောင့် အစ္စရေးနိုင်ငံတွင်း၌ ၁,၂၀၀ ဦး သေဆုံးခဲ့ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *