၂၀. ၁၁. ၂၀၂၃
Written by Treasure

ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ဒုတိယအဆင့်ခြေစစ်ပွဲရဲ့ အဖွင့်ပွဲစဉ်မှာ ဆီးရီးယားအသင်းကို အရေးနိမ့်ထားခဲ့တဲ့ မြောက်ကိုရီးယားအသင်းဟာ သူတို့ရဲ့ ဒုတိယပွဲစဉ်အဖြစ် မနက်ဖြန် နိုဝင်ဘာ ၂၁ ရက်နေ့မှာ မြန်မာအသင်းနဲ့ အဝေးကွင်းပွဲစဉ်ကို ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အဖွင့်ပွဲစဉ်မှာ ရှုံးပွဲကြုံတွေ့ထားပေမယ့် အာရှအင်အားကြီးအသင်းတွေဖြစ်တဲ့ ဂျပန်အသင်း၊ တောင်ကိုရီးယားအသင်း၊ အီရန်အသင်းတွေက သတိကြီးကြီးထားကစားရလေ့ရှိတာကြောင့် မြန်မာအသင်းအနေနဲ့ အိမ်ကွင်းမှာရလဒ်ကောင်းရရှိဖို့ ရုန်းကန်ရမှာ ဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-20_16-30-57.jpg

ပြီးခဲ့တဲ့ အောက်တိုဘာလ ထုတ်ပြန်ခဲ့တဲ့ မြောက်ကိုရီးယားအသင်းရဲ့ ကမ္ဘာ့အဆင့်သတ်ချက်ဟာ ကမ္ဘာ့အဆင့် ၁၅၈ မှာရပ်တည်နေတဲ့ မြန်မာအသင်းထက် ၄၃ ဆင့်မြင့်မားနေတဲ့ အသင်းကောင်းတစ်သင်း‌ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ မြောက်ကိုရီးယားအသင်းကို လက်ရွေး စင်ကစားသမားဟောင်း ဆင်ရောင်နန်းက ကိုင်တွယ်နေပြီး မြန်မာအသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ကစားဖို့အတွက် အသင်းရဲ့ အဓိကတိုက်စစ်မှုးဖြစ်သလို အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ ဂျောင်အီဂွမ်အပြင် ပတ်ဂေါင်ရောင်း၊ ရီရောင်ဂျင်းတို့လည်း ပါဝင်လာပါတယ်။

ပြိုင်ဘက်အသင်းက နောက်ခံကစားသမားတိုင်းကို ခပ်မာထန်ထန် ကစားလေ့ရှိသလို အဝေးကန်ချက်တွေနဲ့ ဒုက္ခပေးတတ်လေ့ရှိတဲ့ မြောက်ကိုရီးယားအသင်းက တိုက်စစ်မှုး ဂျောင်အီဂွမ်ကို မြန်မာအသင်းရဲ့ ခံစစ်ကစားသမားတွေအနေနဲ့ အထူးသတိထားကစားဖို့လိုအပ်မှာဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ် ဂျောင်အီဂွမ်ဟာ ဆွစ်ဇာလန်ကလပ် လူဇန်အသင်းမှာ ခြေစွမ်းပြသခဲ့ဖူးသလို သူရဲ့ ထွားကြိုင်းတဲ့ ခန္ဓာကိုယ်၊ ကြမ်းတမ်းနဲ့ကစားပုံနဲ့ လျှင်မြန်တဲ့ လှုပ်ရှားမှုတွေကို ဇွဲခန့်မင်း၊ ဟိန်းဖြိုးဝင်း၊ ဟိန်းဇေယျာလင်းတို့အနေနဲ့ သတိထားဖို့လိုအပ်မှာ ဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-20_16-31-00.jpg

ဒါ့အပြင် မြောက်ကိုရီးယားအသင်းဟာ ၂၀၁၉ ခုနှစ်နောက်ပိုင်းမှာ နိုင်ငံတကာခြေစမ်းပွဲယှဉ်ပြိုင်ကစားခြင်းနဲ့ ပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ထားခြင်း မရှိသလောက်နည်းပါးတာကြောင့် မြန်မာအသင်းအနေနဲ့ မြောက်ကိုရီးယားအသင်းရဲ့ ခြေစွမ်းသိရှိရဖို့ ခက်ခဲနိုင်ပါတယ်။

မြန်မာအသင်းနဲ့ မြောက်ကိုရီးယားအသင်းတို့ဟာ ၂၀၀၈ ခုနှစ်ကနေ လက်ရှိအချိန်ထိ တွေ့ဆုံမှုငါးကြိမ်အထိရှိခဲ့ပေမယ့် တွေ့ဆုံမှုတိုင်းမှာ မြောက်ကိုရီးယားအသင်းကပဲ အနိုင်ရရှိထားပါတယ်။ ဒါကြောင့် မနက်ဖြန် ညနေမှာ ၂၀၂၆ ကမ္ဘာ့ဖလား ဒုတိယအဆင့်ခြေစစ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားမယ့် မြောက်ကိုရီးယားအသင်းနဲ့ မြန်မာအသင်းတို့ရဲ့ ခြောက်ကြိမ်မြောက်တွေ့ဆုံမှုမှာလည်း မြောက်ကိုရီးယားအသင်းကပဲ မှတ်တမ်းကောင်းတွေ ဆက်လက်ရေးထိုးနိုင်မလား။ မြန်မာအသင်းကပဲ ပထမဆုံးနိုင်ပွဲ ရရှိနိုင်မလား ဆိုတာကတော့ စိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *