December 11, 2023

၁၉. ၁၁. ၂၀၂၃
Written by Nay Moe

ကျေးလက်ကျန်းမာရေးမှူးအမျိုးသမီးနှင့် အတူနေအမျိုးသမီးငယ်တို့ နှစ်ဦးကို PDF များက ကျေးလက်ဆေးပေးခန်းအဆောင်အတွင်း ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားကာ သတ်ဖြတ်မှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယနေ့ထုတ်ပြန်သည်။

ဖြစ်စဥ်မှာ နိုဝင်ဘာ ၁၈ ရက် နံနက် ၇ နာရီ ၂၀ တွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ကုလ ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသမီးနှစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား သွားရောက် စိစစ်ခဲ့သည်။

စိစစ်မှုအရ နိုဝင်ဘာ ၁၇ ရက် ည ၈ နာရီခွဲတွင် ကုလကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနဝင်းအတွင်း နေထိုင်သည့် ကျန်းမာရေးမှူးဖြစ်သူ ဒေါ်တိုးတိုးသန်း (၃၈)နှစ်နှင့် အဖော်အဖြစ်လိုက်ပါနေထိုင်သူ ဂျိုကျေးရွာနေ ဒေါ်အေးမွန်ကျော်(၂၅)နှစ်တို့သည် ကျန်းမာရေးဌာနဝင်းအတွင်းရှိ အဆောင်၌ရှိနေစဉ် PDF အဖွဲ့(စိစစ်ဆဲ)ဝင်ခုနစ်ဦး ရောက်ရှိလာပြီး ဒေါ်တိုးတိုးသန်းနှင့် ဒေါ်အေးမွန်ကျော်တို့နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကာ ကုလကျေးရွာအရှေ့ဘက် ၃ ဖာလုံခန့်အကွာရှိ ကုလ-ရဲပဒိုင်းဆိပ်ကမ်းသွားတာဘောင်လမ်းအရောက် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ကျေးလက်ကျန်းမာရေးမှူးနှင့် အတူနေအမျိုးသမီးငယ်တို့မှာ ကျည်ထိမှန်ဒဏ်ရာများရရှိ၍ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နွေဦးတော်လှန်ရေးစတင်ချိန်မှစကာ သုံးနှစ်တာကာလအတွင်း NUG နှင့် PDF များက ဆေးဖက်ဆိုင်ရာအဆောက်အအုံများနှင့် ဝန်ထမ်းများကို တိုက်ခိုက်သတ်ဖြတ် ဖမ်းဆီးမှု အကြိမ်ရေ ၁၁၀၀ ခန့်ပြုလုပ်ထားပြီး ထိုတိုက်ခိုက်မှုများကြောင့် ကျန်းမာရေးဝန်ထမ်း ၈၈၀ ကျော် ဖမ်းဆီးခံထားရကာ ၉၇ ဦးသေဆုံးပြီး ၁၁၇ ဦး ဒဏ်ရာရထားကြောင်း ဆွတ်ဇာလန်နိုင်ငံအခြေစိုက် Insecurity Insights အဖွဲ့က ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *