၁၉. ၁၁. ၂၀၂၃
Written by Phyo Wei

ရှမ်း၊ ကယား၊ ချင်း၊ ရခိုင်၊ စစ်ကိုင်း စတဲ့ဒေသတွေမှာ မြို့သိမ်းတိုက်ပွဲတွေကို ဆင်နွှဲနေတာကြောင့် ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းတွေ ပြတ်တောက်၊ ကုန်စျေးနှုန်းမြင့်တက်မှုလှိုင်းတွေ မြင့်တက်လာတဲ့ ဂယက်အောက်မှာ စိတ်ပျက်စရာဖြစ်နေတဲ့ ဒီတစ်ပတ်မှာတော့ နိုင်ငံရေးအကျပ်အတည်းကာလမှာ ရပ်ဆိုင်းလိုက်တဲ့ ရန်ကုန်မြို့လယ်က Yoma Central ကို ပြန်လည်စတင်မယ်လို့ ရိုးမလုပ်ငန်းစုဘက်က ပြောလာပါတယ်။ ဒီစီမံကိန်းဟာ ဆူးလေဘုရားအနီး မြန်မာ့မီးရထားရုံးချုပ်ဟောင်းနေရာမှာတည်ရှိသလို The Peninsula Yangon ဟိုတယ်စီမံကိန်းလည်းပါနေပြီး ဒီစီမံကိန်းအားလုံးဟာ ရိုးမအုပ်စု (Yoma Strategic Holdings)၊ ဟောင်ကောင်နဲ့ ရှန်ဟိုင်းဟိုတယ် The Hongkong and Shanghai Hotels Limited၊ ဂျပန်ကုမ္ပဏီတွေဖြစ်တဲ့ မစ်ဆူဘီရှီ ကော်ပိုရေး ရှင်း၊ မစ်ဆူဘီရှီ အိမ်ခြံမြေ အပြင် နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ နိုင်ငံတကာငွေကြေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (IFC)နဲ့ အာရှဖွံ့ဖြိုးရေးဘဏ် ADB တို့ရဲ့ ရှယ်ယာတွေလည်း ပါဝင်ခဲ့တာကြောင့် ဒီစီမံကိန်းပြန်စ အစိုးရနဲ့ပေါင်းပြီး လုပ်ငန်းပြန်လည်ပတ်ဖို့ကြိုးစားနေတာဟာ ပိတ်ဆို့မှုဒဏ်ခံနေရတဲ့ မြန်မာ့စီးပွားရေးလောကအတွက်တော့ တွေးဆစရာပါပဲ။

အခြားတစ်ဖက်မှာလည်း အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဥပရောပနိုင်ငံတွေက မြန်မာ့ဆန်ကို ဝယ်ယူဖို့ကမ်းလှမ်းထားတာကြောင့် တင်ပို့နိုင်မဲ့အခြေအနေနဲ့ ပြည်တွင်းဈေးကွက် တည်ငြိမ်မှုတို့ကို ချိန်ဆပြီး ဆန်တင်ပို့နိုင်ဖို့ ကြိုးစားမယ်ဆိုတဲ့ ဖြစ်စဉ်တွေရှိနေတဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ် မြင့်တက်လာတဲ့ ရွှေစျေး၊ ဒေါ်လာစျေးတွေ၊ စက်သုံးဆီကောလာဟလအကြောင်းတွေနဲ့ ဘဏ်သတင်းအမှားတွေ ဆက်တိုက်ဖြန့်နေတဲ့အကြောင်းတွေကို သုံးသပ်ချင်ပါတယ်။

စက်သုံးဆီကောလာဟလ

စက်သုံးဆီတွေ စျေးဆွဲတင်ချင်တိုင်း ဆီရှိပါလျက် အရောင်းရပ်တတ်တဲ့ ပုဂ္ဂလိကဆီဆိုင်တွေဟာ အခုတစ်ခါမှာလည်း ဆီအရောင်းရပ်တာကြောင့် အရေးယူခံရတာရှိသလို တချို့ကလည်း ဆီဖြန့်တာ အချိန်ကျပ်သွားချိန်မှာ ဆီပြတ်လို့မရောင်းနိုင်ခဲ့တာမျိုးရှိပြီး ဒီအခြေအနေကိုပဲ ပြည်တွင်းမှာ ဆီပြတ်နေပြီလို့ ဖွနေကြတာပါ။

“စက်သုံးဆီနဲ့ပတ်သက်ပြီး ပြည်တွင်းမှာလည်း ကောလာဟလ ထုတ်လွှင့်တာရှိပါတယ်။ အချိန်ကိုက်ပဲ ပြည်ပက ပြည်ဖျက်မီဒီယာတွေက ကောလာဟလ ထုတ်လွှင့်တာရှိတယ်။ အဓိက အခြေခံအကြောင်းနှစ်ခုပေါ်မှာ ကောလာဟလ ထုတ်လွှင့်တာပဲဖြစ်ပါတယ်။ နံပါတ်တစ်ကတော့ ဆီခွဲတမ်းပေါ့။ စက်သုံးဆီရောင်းချတဲ့ ခွဲတမ်းတွေ လျှော့ချတယ်ဆိုပြီး ထုတ်လွှင့်တာရှိတယ်။ နံပါတ်နှစ်ကတော့ ဆီအလုံအလောက်မရှိဘူး။ ဆီဝယ်ယူဖို့အတွက် အစိုးရကနေ ဒေါ်လာ ချမပေးဘူးဆိုတာကို ထုတ်လွှင့်နေတာရှိတယ်။ ပြီးရင် စက်သုံးဆီဆိုင်တွေမှာ ဆီပြတ်လပ်နေပြီ ပြန်မဖြည့်နိုင်တော့ဘူးဆိုတာတွေပဲ ဖြစ်ပါတယ်။ ပထမဆုံးပြောချင်တာက နိုင်ငံတော်ဝန်ကြီးချုပ် ပြောခဲ့တဲ့အတိုင်း ပြည်တွင်းမှာ ဆီနှစ်ဆီပေါ့။ စက်သုံးဆီ၊ စားသုံးဆီနဲ့ ပတ်သက်ပြီး အလေးထား ဆောင်ရွက်လျက်ရှိပါတယ်။ ဆီခွဲတမ်းနဲ့ ပတ်သက်ပြီး ယခင်တိုင်းပဲဖြစ်တယ်။ စိစစ်တာတစ်ခုပဲရှိတယ်။ ယခင်အတိုင်းပဲ ဖြစ်တယ်။ လျှော့ပြီး လုပ်ပေးတာမရှိဘူး။ နံပါတ် ၂ ကတော့ ပြည်တွင်းမှာ စက်သုံးဆီ အလုံအလောက်ရှိပါတယ်။ အများသုံးနေတဲ့ စက်သုံးဆီဖြစ်တဲ့ 92 ဆိုရင် ပြည်တွင်းလက်ကျန် ဂါလန် ၁၃ သန်းကျော်ရှိပြီး ဖြစ်တယ်။ ဒီဇယ်ဆိုရင် ဂါလန်သန်း ၃၀ ကျော်ရှပြီဖြစ်တယ်။ ပြီးရင် ထပ်မံရောက်ရှိလာမယ့် ဆီတင်သင်္ဘော ၁၅ စင်းနီးပါးရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ စက်သုံးဆီကို ပြည်တွင်းမှာ တစ်လ မည်သည့်စက်သုံးဆီ အမျိုးအစားမဆို တစ်လစာအရန်ရှိအောင် အမြဲတမ်းဆောင်ရွက်လျက်ရှိတယ်။ ဒါ့ပြင် စက်သုံးဆီနဲ့ ပတ်သက်လာလို့ရှိရင် နိုင်ငံတော်အစိုးရအနေနဲ့ အထူးအလေးထား ဆောင်ရွက်ပေးနေတာဖြစ်လို့။ အရင်တိုင်းပဲ ဒေါ်လာရောင်းချပေးနေတာတွေ ဆောင်ရွက်လျက်ရှိတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

လောင်စာဆီတကယ်ပြတ်သွားတဲ့နိုင်ငံတွေမှာ ပထမဆုံးဆိုးကျိုးက စားသောက်ကုန်ပြတ်လပ်ပြီး ဒုတိယဆိုးကျိုးကတော့ ကုန်စျေးနှုန်းအဆမတန်မြင့်တက် တတိယဆိုးကျိုးကတော့ ဆူပူဆန္ဒပြမှုနဲ့ စတုတ္ထဆိုးကျိုးကတော့ နှိမ်နင်းဖမ်းဆီးခံရပြီး နောက်ဆုံးမှာတော့ ပြည်သူပဲထိခိုက်နစ်နာဆုံးရှုံးမှုနဲ့ ငြိမ်သက်သွားတတ်တာ သာဓကများစွာရှိနေတာပါပဲ။ တစ်ဖက်မှာ လူထုမငြိမ်သက်မှ ဇာတ်ရှိန်မြင့်မယ်ထင်နေသူတွေဟာ လူ သန်း ၂၀ လောက်လမ်းပေါ်ထွက်ချိန်တုန်းကတောင် ကျန်တဲ့ ၃၅ သန်းလောက်မပါခဲ့လို့ ဘာမှမဖြစ်လာတာသိသင့်ပြီဖြစ်သလို အခုအချိန်မှာ လူ ၁၀၀ ပြည့်အောင် ထွက်မလာတော့ဘူးဆိုတာလည်း နားလည်ချိန်တန်ပြီပဲ ပြောရမှာပါ။

ဘဏ်သတင်းအမှား

စက်သုံးဆီကောလာဟလ မအောင်မြင်ချိန် ဒုတိယအဆင့်မှာက ဘဏ်တွေမှာ ငွေမရှိတော့ဘူးဆိုတာနဲ့ ကောလင်းကမြန်မာ့စီးပွားရေးဘဏ်ကို NUG နဲ့ PDF တွေ ဖောက်ယူ၊ သိန္နီက ပုဂ္ဂလိကဘဏ်တချို့ကို မြောက်ပိုင်းလက်နက် ကိုင်သုံးဖွဲ့ ဖောက်လိုက်တာကြောင့် အစွန်အဖျားကမြို့တွေကို ပုဂ္ဂလိကဘဏ်တချို့က ပိတ်သိမ်းဖို့ကြံဆတဲ့အပေါ် သတင်းမှားထုတ်လာပြန်တာပါ။ ဥပမာ ရိုးမဘဏ်ဟာ KIA နဲ့ PDF တွေ ကြီးစိုးနေတဲ့ မြစ်ကြီးနားဘဏ်ခွဲကို ပိတ်မယ်လို့ စာထုတ်ပြီးမှပြန်ဖျက်သွားတာမျိုးလုပ်ခဲ့လို့ လူတွေကြားမှာ ကောလာဟလကို ပိုယုံတာရှိပါတယ်။

“ပြည်သူလူထုအနေနဲ့ သိရှိထားဖို့ကတော့ ဘဏ်တွေနဲ့ ပတ်သက်ပြီးတော့ ဗဟိုဘဏ်ကလည်း ကျွန်တော်တို့ ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ အာမခံနိုင်တာက ‌‌ငွေရေးကြေးရေးအနေနဲ့ အလုံအလောက်ရှိပါတယ်။ ‌ငွေရေးကြေးရေးအနေနဲ့ ဒါဗဟိုဘဏ်အနေနဲ့လည်း ဒါငွေရေးကြေးရေး ထုတ်သွင်းမှုမှာ မူတည်ပြီ းတော့ ဘဏ်တွေမှာ ငွေသားလက်ကျန်၊ ငွေသားထုတ်ပေးနိုင်မှု ချိန်ညှိဆောင်ရွက်လျက်ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ စိတ်ပူစရာမရှိဘူးလို ကျွန်တော်တို့ အာမခံပြောကြားနိုင်ပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

၂၀၂၁ နွေဦးတော်လှန်ရေးအစမှာ ဘဏ်ဝန်ထမ်းတွေက CDM လုပ်ခဲ့ကြသလို ဘဏ်တချို့ကလည်း ဒါတွေကို ထောက်ခံခဲ့ပါတယ်။ အဆုံးသတ်ဆိုးကျိုးမှာတော့ ဘဏ်ထဲက ကိုယ့်ငွေကိုယ် လွယ်လွယ်ထုတ်မရ၊ ရာခိုင်နှုန်းတွေအမြတ်တွေပိုပြီးပေးရ၊ ငွေကြေးတန်ဖိုးကျဆင်းလို့ ငွေဖောင်းပွမှုဒဏ်ခံရ၊ ကုန်စျေးနှုန်းမြင့်တက်လာနဲ့ အဲဒီဒဏ်တွေက နောက်ဆုံးမှာ ပြည်သူပဲခံရတော့တာပါပဲ။ အခုလည်း တစ်ခါသေဖူးလို့မှ ပျဥ်ဖိုးနားမလည်ဘဲ ဝိုင်းထုတ်ရင်တော့ ကုန်စျေးနှုန်းတက်၊ ငွေကြေးဖောင်းပွတာထပ်ဖြစ် လုယက်မဲ့သူတွေအပြင် ငွေတွေဘာကြောင့်ထုတ်လဲဆိုပြီး စောင့်ကြည့်စစ်ဆေးခံရမဲ့ ​အခြေအနေလည်း ရှိနေတယ်ဆိုတာတော့ ပြောပါရစေ။

မြင့်တက်လာပြန်တဲ့ ရွှေနဲ့ ဒေါ်လာ

မြို့သိမ်းတိုက်ပွဲတွေအပြင် PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက ဘဏ်တွေဖောက်နေတာကြောင့် လူထုကြားမှာ တစ်ခုခုလှုပ်ခတ်တိုင်း ဝယ်စုတတ်တဲ့ ရွှေနဲ့ဒေါ်လာက ရက်ပိုင်းအတွင်းမှာ ဆယ်ရာခိုင်နှုန်းနီးပါးစျေးတက်သွားပြီး နိုဝင်ဘာ ၁၃ ရက်မှာ ပြင်ပစျေး ၃၅ သိန်းကျော်ရုံပဲရှိတဲ့ရွှေစျေးဟာ နိုဝင်ဘာ ၁၈ ရက်မှာ ၃၈ သိန်းလောက်ဖြစ်လာခဲ့သလို ဒေါ်လာစျေးဟာလည်း ပြင်ပစျေးမှာ နိုဝင်ဘာ ၁၃ ရက်က ၃၃၀၀ လောက်ပဲရှိရာက နိုဝင်ဘာ ၁၈ ရက်မှာ ၃၅၀၀ လောက်ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ အံဩစရာကောင်းတာက ဒီတစ်ခေါက်ကောလာဟလမှာ အိမ်ခြံမြေနဲ့ ကားစျေးကတော့ လိုက်တက်မလာတာပါ။ ဒါကလည်း အလွန်အကျွံမိုင်ကုန်စျေးဆွဲတင်ခံထားရလို့ ဝယ်သူမရှိတော့တဲ့ အိမ်ခြံမြေနဲ့ မူဝါဒတစ်ချက်အပြောင်းမှာ ဝုန်းကနဲထိုးကျသွားနိုင်တဲ့ ကားစျေးတွေမှာ ပိုက်ဘောမိထားသူတွေရှိနေတာလည်း ဖြစ်နိုင်သလို တစ်ဖက်မှာလည်း ရှမ်းမြောက်ကတိုက်ပွဲတွေနဲ့ ပြည်မဘက် ငွေအများဆုံးစီးဝင်ရာဒေသတွေမှာ ကျားဖျန့်အွန်လိုင်းလိမ်လည်ဂိုဏ်းတွေ အမြစ်ပြတ် နှိမ်နင်းနေတာကြောင့် ပြည်မဘက်မှာ အရင်လိုလာဝယ်၊ လာကစားနိုင်သူမရှိတော့လို့ အိမ်ခြံမြေနဲ့ကားက မာမာအေးအခြေအနေနဲ့ ရပ်တန့်နေတာဖြစ်နိုင်ပါတယ်လို့ တွေးဆမိရင်း ဒီတစ်ပတ်ရဲ့စီးပွားရေးသုံးသပ်ချက်ကို ရပ်တန့်လိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News