၂. ၁၁. ၂၀၂၃
Written by Pan Ei

နာမည်ကြီး ပေါ့ပ်အဆိုတော် Britney Spears ရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ကျော်ကြားမှုအတိုင်းအတာထိ ရောက်ရှိခဲ့မှုတွေနဲ့ သူမရဲ့ ဆက်လက်ရုန်းကန်ရမှုတွေအကြောင်း ပါဝင်တဲ့ ကိုယ်တွေ့မှတ်တမ်းစာအုပ် “The Woman In Me” ဟာ ထုတ်ဝေပြီး တစ်ပတ်အတွင်း အမေရိကန်ပြည်ထောင်စု တစ်နိုင်ငံထဲမှာပဲ ၁ ဒသမ ၁ သန်းကျော် ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။

အရောင်းကိန်းဂဏန်းတွေမှာ ကြိုတင်မှာယူမှုတွေ၊ ပုံနှိပ်ရောင်းချမှုတွေ၊ အီးဘွတ်ခ်တွေနဲ့ အော်ဒီယိုစာအုပ်တွေ ပါဝင်ပါတယ်။ ခုလို အောင်မြင်တဲ့ ရောင်းချရမှုအတွက် “ကျွန်မရဲ့ နှလုံးသားနဲ့ စိတ်ကို ဒီ ကိုယ်တွေ့မှတ်တမ်းစာအုပ်ထဲမှာ သွန်းလောင်းထားပြီး မယိမ်းမယိုင်တဲ့ အားပေးမှုတွေအတွက် ကမ္ဘာတဝှမ်းက ပရိသတ်တွေနဲ့ စာဖတ်သူတွေကို ကျေးဇူးတင်ရှိပါတယ်” လို့ Britney Spears က ပြောကြားခဲ့ပါတယ်။

အောက်တိုဘာလ ၂၄ ရက်မှာ ထွက်ရှိခဲ့တဲ့ “The Woman In Me” မှာ သူမရဲ့ ကမ္ဘာနဲ့ချီ ကျော်ကြားခဲ့တဲ့ အကြောင်း အရာတွေနဲ့ သူမဘဝရဲ့ အဆက်မပြတ်ရုန်းကန်ခဲ့ရပုံတွေကို ဖော်ပြထားတဲ့ မှတ်တမ်းအဖြစ် ဝေဖန်သူတွေရဲ့ ချီးကျူးခြင်းကို ခံခဲ့ရပြီး အဲ့ဒီစာအုပ်ထဲမှာ အဆိုတော် Justin Timberlake နဲ့ တွဲခဲ့စဉ်အခါက သူမ ကိုယ်ဝန်ဖျက်ချခဲ့ရတဲ့ အကြောင်းတွေပါ ပါဝင်တာကြောင့် တစ်ကမ္ဘာလုံးကို လှုပ်လှုပ်ရွရွဖြစ်စေခဲ့ပြီး သူမကို ပရိသတ်တွေက ကရုဏာသက်ခဲ့ကြပါသေးတယ်။

Britney Spears ရဲ့ “The Woman In Me”ဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အရောင်းရဆုံး ဖြစ်ခဲ့ပေမဲ့ ဒီနှစ်ရဲ့ အမြန်ဆုံးရောင်းအားတော့ မဟုတ်ပါဘူး။ ဒီနှစ် ဇန်နဝါရီလမှာ ထွက်ရှိခဲ့တဲ့ မင်းသား ဟယ်ရီရဲ့ကိုယ်တွေ့မှတ်တမ်း “Spare” က ထုတ်ဝေပြီး ပထမအပတ်မှာ အုပ်ရေ ၁ ဒသမ ၆ သန်းအထိ ရောင်းချခဲ့ရပါတယ်။

Ref; CNA

Leave a Reply

Your email address will not be published. Required fields are marked *