MT News

Written By Treasure

အောက်တိုဘာ ၂၈ ရက်မှာ ယှဉ်ပြိုင်ကစားတဲ့ ထိုင်းလိဂ်-၁ ပွဲစဉ်(၉)ရဲ့ ပွဲစဉ်တစ်ပွဲအဖြစ် အူထိုင်းသန်နီအသင်းနဲ့ မြောင်ထောင်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားတဲ့ ပွဲစဉ်မှာ အူထိုင်းသန်နီအသင်းက ဂိုးပြတ်အနိုင်ရရှိခဲ့သလို တိုက်စစ်မှုး အောင်သူကလည်း အူထိုင်းသန်နီအသင်းအတွက် သွင်းဂိုးတစ်ဂိုးရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

အခုနှစ်ဘောလုံးရာသီမှ လန်ဖွန်ဝါရီယာအသင်းကနေ အူထိုင်းသန်နီအသင်းကို ပြောင်းရွှေ့လာခဲ့ပြီး ခြေစွမ်းပြသနေတဲ့ တိုက်စစ်မှုးအောင်သူဟာ သူ့ရဲ့ အသင်းဟောင်း မြောင်ထောင်အသင်းနဲ့ ယှဉ်ပြိုင်ကစားတဲ့ပွဲစဉ်မှာတော့ ပွဲထွက်ကစားခွင့် မရရှိခဲ့ဘဲ အရန်ကစားသမားအနေနဲ့သာ ပွဲထွက်ကစားခွင့် ရရှိခဲ့ပါတယ်။

အခုနှစ်ရာသီမှ ထိုင်းလိဂ်-၁ကို တန်းတက်လာခဲ့ပြီး ခြေစွာနေတဲ့ အူထိုင်းသန်နီအသင်းဟာ ထိုင်းလိဂ်ရဲ့ အစဉ်အလာရှိတဲ့ မြောင်ထောင်အသင်းတို့ ယှဉ်ပြိုင်ကစားတဲ့ပွဲစဉ်ဟာ အပြန်အလှန်ထိုးဖောက်မှုတွေကို နှစ်သင်းစလုံးပြုလုပ်နိုင်ခဲ့ပေမယ့် မြောင်ထောင်အသင်းက ပွဲကစားချိန် ၅ မိနစ်မှာ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပါတယ်။ အူထိုင်းသန်နီအသင်းကတော့ လက်ကျန်မိနစ်‌တွေမှာ ချေပဂိုးပြန်လည်ရရှိဖို့ ကြိုးစားကစားခဲ့သလို ဂိုးပေါက်ခြိမ်းခြောက်မှုတချို့ ပြုလုပ်နိုင်ခဲ့ပေမယ့် အ‌ဆုံးသတ်ပိုင်းအားနည်းမှုကြောင့် ပထမပိုင်းအပြီးမှာ မြောင်ထောင်အသင်းက ဦး‌ဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ချေပဂိုးလိုအပ်နေတဲ့ အူထိုင်းသန်နီအသင်းဟာ မြောင်ထောင်အသင်းကို ဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲကစားချိန် ၄၉မိနစ်နဲ့ ၇၂မိနစ်တို့မှာ ချေပဂိုးနဲ့ ဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ်။ နောက်ပိုင်းမှာ‌တော့ အူထိုင်းသန်နီအသင်းဟာ တိုက်စစ်မြှင့်ဖို့အတွက် တိုက်စစ်မှုး အောင်သူကို ထည့်သွင်းအသုံးပြုခဲ့ပြီး ပွဲကစားချိန် ၈၉ မိနစ်မှာ အောင်သူက တတိယဦးဆောင်ဂိုးကို သွင်းယူခဲ့ပါတယ်။ အူထိုင်းသန်နီအသင်းဟာ ပွဲကစားချိန် မိနစ် ၉၀ ပြည့်လို့ အချိန်ပို ၃ မိနစ်မှာ စတုတ္ထဦးဆောင်ဂိုး ထပ်မံသွင်းယူခဲ့ပေမယ့် မြောင်ထောင်အသင်းရဲ့ နှစ်သိမ့်ချေပဂိုးပြန်လည်သွင်းယူခဲ့တာကြောင့် ပွဲပြီးဆုံးချိန်မှာ အူထိုင်းသန်နီအသင်းက မြောင်ထောင်အသင်းကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

မြောင်ထောင်အသင်းနဲ့ ပွဲစဉ်မှာ တိုက်စစ်မှုး အောင်သူ သွင်းယူလိုက်တဲ့ သွင်းဂိုးဟာ အခုရာသီမှာ အောင်သူအနေနဲ့ အူထိုင်းသန်နီအတွက် ပထမဆုံး သွင်းယူပေးတဲ့ သွင်းဂိုးဖြစ်ပါတယ်။

အူထိုင်းသန်နီအသင်းဟာ မြောင်ထောင်အသင်းကို အခုလိုဂိုးပြတ်အနိုင် ရယူနိုင်ခဲ့တဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၆နေရာအထိတက်လှမ်းနိုင်ခဲ့ပြီး လာမယ့် နိုဝင်ဘာ ၄ရက်နေ့မှာ ခွန်ကန်အသင်းနဲ့ ထိုင်းလိဂ်-၁ ပွဲစဉ်(၁၀)ကို ဆက်လက်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *