၂၈.၁၀.၂၀၂၃
Written by Pan Ei

နာမည်ကြီး မျက်လှည့်ဆရာတစ်ယောက်ဖြစ်တဲ့ ဒေးဗစ်ကော်ပါဖီးလ်(David Copperfield) ဟာ မဖြစ်နိုင်ဘူးလို့ထင်ရတဲ့ ဒဏ္ဍာရီဆန်တဲ့ သူ့ရဲ့ နောက်ပြကွက်တစ်ခုကို ကြေညာခဲ့ပြီး အဲ့ဒါကတော့ လကို ဖျောက်ပြမယ့် ပြကွက်ပဲဖြစ်ပါတယ်။

အသက် ၆၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေးဗစ်ကော်ပါဖီးလ်ဟာ ခန့်မှန်းခြေ အသားတင် ဒေါ်လာ ၁ ဘီလျံလောက်ပိုင်ဆိုင်မှုရှိတဲ့ ကမ္ဘာကျော်မျက်လှည့်ဆရာတစ်ယောက်ဖြစ်ပြီး လကို ပျောက်ကွယ်စေမယ့် သူ့ရဲ့အစီအစဉ်ဟာ နှစ် ၃၀ ကြာခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ခုပြကွက်ကို ကမ္ဘာကိုပြသဖို့အတွက် အံ့သြစရာကောင်းတဲ့အဖွဲ့အစည်းဖြစ်တဲ့ Save the Children နဲ့ ပူးပေါင်းနေတယ်လို့ သူက ပြောကြားခဲ့ပြီး ကမ္ဘာပေါ်မှာရှိတဲ့ ကလေးတွေအတွက် ဆင်းရဲမွဲတေမှု၊ ငတ်မွတ်မှုနဲ့ အန္တရာယ်တွေ ပျောက်ကွယ်သွားစေဖို့ ရည်ရွယ်ချက်နဲ့ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ဒေးဗစ်ကော်ပါဖီးလ်က ပွဲအတွက် အစမ်းလေ့ကျင့်မှုတွေမှာလည်း ကောင်းမွန်နေတယ်လို့ ပြောကြားခဲ့သလို ပြပွဲကိုတော့၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ ပြသဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

လေဘာတီရုပ်တုကို ဖျောက်ပြတဲ့ ပြကွက်၊ဂျက်လေယာဉ်ကို ဖျောက်ပြတဲ့ ပြကွက်တွေ စသဖြင့် နာမည်ကြီး ပြကွက်များစွာ ဖန်တီးပြသခဲ့တဲ့သူဟာ တစ်နှစ်အတွင်း မျက်လှည့်ပွဲအများဆုံး ပြုလုပ်ခဲ့တဲ့ စံချိန်အပါအဝင် ဂင်းနစ်ကမ္ဘာ့စံချိန် ၁၁ ခုကို ရရှိထားပါတယ်။

Ref; Independent

Leave a Reply

Your email address will not be published. Required fields are marked *