၂၈.၁၀.၂၀၂၃
Translated by Htwe Ko Tun

အစ္စရေးတပ်ဖွဲ့များက ဂါဇာဒေသသို့ မြေပြင်ထိုးစစ်များပါ တိုးချဲ့ပြုလုပ်လာနေသည့်ကြားမှပင် ဂါဇာဒေသကို ထောက်ခံမှုအားပြသသည့်အနေဖြင့် ပါလက်စတိုင်းပြည်သူထောင်ပေါင်းများစွာတို့က အနောက်ဘက်ကမ်းဒေသအတွင်း မြို့ကြီးများစွာ၏လမ်းများတွင် အောက်တိုဘာ ၂၈ ရက်နံနက်က ချီတက်ဆုတောင်း ဆန္ဒပြမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဖာ့ဂျ်(Fajr) ဆုတောင်းဝတ်ပြုကြသူ ထောင်ပေါင်းများစွာက အနောက်ဘက်ကမ်းဒေသရှိ နာဘလူးစ်၊ တူလ်ကမ်၊ ဂျီနင် နှင့် တူဘားစ်မြို့ကြီးများတွင် အောက်တိုဘာ ၂၈ ရက် နံနက်၌ လှည့်လည်ချီတက် ဆုတောင်းကာ ဂါဇာကမ်းမြောင်ရှိပါလက်စတိုင်းတို့ကို ထောက်ခံခဲ့ကြကြောင်းသိရသည်။

၎င်း လှည့်လည်ချီတက်ဆုတောင်းပွဲများအပြီးတွင် တူလ်ကမ် နှင့် တူဘားစ် မြို့ကြီးများ၌ ရာနှင့်ချီသော ဆန္ဒပြသမားတို့ပါဝင်သည့် ဆန္ဒပြပွဲများကို ဆက်လက်ပြုလုပ်ခဲ့ကြသည်။ ချီတက်ဆုတောင်းဆန္ဒပြပွဲများကို အစ္စရေးတပ်ဖွဲ့များက ဂါဇာတွင် လေကြောင်းနှင့်မြေပြင်တိုက်ခိုက်မှုများတိုးချဲ့သွားမည်ဟု အောက်တိုဘာ ၂၇ ရက်က ပြောခဲ့ကြအပြီးတွင် ဤသို့ပြုလုပ်ခဲ့ကြခြင်းလည်းဖြစ်သည်။

အောက်တိုဘာ ၇ ရက်တွင် ဟားမားစ်တို့က နယ်စပ်ကိုဖြတ်ကာ အစ္စရေးနိုင်ငံတောင်ပိုင်းကို ဝင်ရောက်တိုက်ခိုက်ပြီး အစ္စရေးနိုင်ငံအတွင်း ဒုံးကျည်အစင်းရေ ထောင်နှင့်ချီ၍ပစ်လွှတ်ခဲ့သည်မှစ၍ အစ္စရေး- ဟားမားစ် စစ်ပွဲစတင်ခဲ့ရသည်။ ယခုဆိုလျှင် စစ်ပွဲကြောင့် ပါလက်စတိုင်းအနည်းဆုံး ၇,၃၂၆ ဦးနှင့် အစ္စရေး ၁,၄၀၀ ဦး သေဆုံးခဲ့ရပြီဖြစ်သည်။

Ref—–AA

Leave a Reply

Your email address will not be published. Required fields are marked *

Related News