ငါးပါကေးကန်အတွင်း ပြုတ်ကျသည့် ဝန်ထမ်းခြောက်ဦးကို ကယ်ဆယ်နေသည့်မြင်ကွင်း (Photo-MFSD)

၁၄.၁၀. ၂၀၂၂

Written by Thettant

​မြိတ်မြို့ရှိ ငါးအမှုန့်ကြိတ်စက်ရုံတွင် ငါးကြိတ်ကန်အတွင်း ပြတ်ကျသည့် မော်တာချိန်းကြိုးကို ဆင်းဆယ်သည့် အမျိုးသားခြောက်ဦးမှာ အောက်ဆီဂျင်ပြတ်တောက်၍ ကန်အတွင်းပြုတ်ကျနေမှုဖြစ်ပွားခဲ့ပြီး သုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်မှာ နိုဝင်ဘာ ၁၃ ရက် ည ၈ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ အင်းလေးမြိုင်စက်မှုဇုန်ရှိ Vantage ငါးအမှုန့်ကြိတ်စက်ရုံတွင် ငါးကြိတ်ကန်အတွင်း မော်တာချိန်းကြိုးပြုတ်ထွက်သဖြင့် ပြန်လည်ဆယ်ယူရန် ကန်အတွင်းသို့ဆင်းရာတွင် အောက်ဆီဂျင်ပြတ်လတ်၍ ကျား ၆ ဦး ကန်အတွင်းပြုတ်ကျမှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြိတ်မြို့နယ်မီးသတ်စခန်းမှ သူနာတင်ယာဉ် တစ်စီး၊ အုပ်ချုပ်မှုယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီး၊ ထားဝယ်စုရပ်ကွက်အရန်မီးသတ်စခန်းမှ ရေသယ်ယာဉ်တစ်စီး၊ မြိတ်တောင်ရပ်ကွက်အရန်မီးသတ်စခန်းမှ ရေသယ်ယာဉ်တစ်စီး၊ လူမှုရေး အသင်းအဖွဲ့များမှ သူနာတင်ယာဉ်လေးစီးတို့ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ဆောင်ရွက်ခဲ့ရာ ပြုတ်ကျသွားသော ကျား ၆ ဦးအနက် ကျား(၃)ဦး အသက်ရှင်လျက် ကယ်ဆယ်ရရှိပြီး ကျား(၃)ဦး (သေဆုံး) တို့အား လူမှုရေးအသင်းအဖွဲ့များမှ သူနာတင်ယာဉ်များဖြင့် မြိတ်ပြည့်သူ့ဆေးရုံကြီးသို့ တင်ပို့ပေးခဲ့ရကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

” မြိတ်စက်မှုဇုန်ထဲမှာရှိတဲ့ Vantage ငါးအမှုန့်ကြိတ်စက်ရုံမှာ ည ၈ နာရီလောက်က ဖြစ်သွားတာ။ ငါးအမှုန့်ကြိတ်စက်ရုံထဲက ပါကေးကန်ထဲ ပြုတ်ကျသွားတဲ့ မော်တာ​ကြိုးကို တစ်ယောက်က ဆင်းဆယ်တာကနေ ပြုတ်ကျသွားလို့ ကျန်တဲ့သူတွေကပါ လိုက်ကယ်ရင်း အောက်ဆီဂျင်ပြတ်ပြီး သုံးယောက် ဆုံးသွားတာ။ ကျန်တဲ့သူတွေကတော့ စောင့်ကြည့်ဆဲပါ” ဟု ဒေသခံပရဟိတအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မီးသတ်ဦးစီးဌာနက ခြောက်ဦးဟုထုတ်ပြန်သော်လည်း ကူညီကယ်ဆယ်သည့် ဒေသခံပရဟိတအသင်းများကမူ အဆိုပါဖြစ်စဥ်တွင် ငါးဦးပြုတ်ကျခဲ့ခြင်းဖြစ်ပြီး သုံးဦးမှာ နေရာတွင်ပင် ဆုံးပါးကာ နှစ်ဦးအခြေအနေစိုးရိမ်ရသည်ဟု ပြောသည်။ ကူညီပေးသည့် ဒေသခံပရဟိတအဖွဲ့တစ်ဖွဲ့ဖြစ်သော ချစ်ကြည်ရေးပရဟတိအသင်းကလည်း နိုဝင်ဘာ ၁၃ ရက် ည ၉ နာရီ ၄၆ မိနစ်အချိန်တွင် အင်လေးမြိုင်ရပ် ဗဲင်(န်)တေ့(ချ်) ကုမ္ပဏီရှိ ပါကေးကန်ထဲပြုတ်ကျသူ ၅ ဦးမှ ကွယ်လွန်သူအမျိုးသားတစ်ဦးအား ၅/၁၀၀ စစ်ဆေးရုံ ရှိ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့သည်ဟု အသင်း၏ ဆောင်ရွက်ချက်အဖြစ် ချစ်ကြည်ရေးပရဟိတအသင်း-မြိတ်၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *