MT News

၁၇. ၁၀. ၂၀၂၃

အိမ်ကွင်းမှာ ယှဥ်​ပြိုင်ခဲ့စဥ်က မကာအိုအသင်းကို ၅ ဂိုးသွင်းပြီး ၅ – ၁ ဆိုတဲ့ ရလဒ်နဲ့ အဖွင့်လှခဲ့တဲ့ မြန်မာအသင်းဟာ မကာအိုအသင်းကို ဒီနေ့ အောက်တိုဘာ ၁၇ ရက် အဝေးကွင်းမှာ သွားရောက်ယှဥ်ပြိုင်ချိန်မှာတော့ ဂိုးမသွင်းနိုင်ခဲ့ဘဲ ဂိုးမရှိရလဒ်နဲ့ ကျေနပ်ခဲ့ရပါတယ်။

ဒါပေမဲ့လည်း ပထမအကျော့ရလဒ်မှာ မြန်မာအသင်းက ဂိုးပြတ်သွင်းထားတာကြောင့် နှစ်ကျော့ပေါင်းရလဒ်မှာ မြန်မာ ၅ – ၁ မကာအိုဆိုတဲ့ရလဒ်နဲ့ မြန်မာအသင်းက ခြေစစ်ပွဲဒုတိယအဆင့်ကို တက်လှမ်းခဲ့ပါပြီ။

မြန်မာအသင်းဟာ မကာအိုကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်တာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလား ဒုတိယအဆင့် ခြေစစ်ပွဲကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပြီး ဒုတိယအဆင့်မှာတော့ ဂျပန်၊ မြောက်ကိုရီးယား၊ ဆီးရီးယားအသင်းတွေနဲ့ အုပ်စုပတ်လည်ပွဲစဉ်တွေကို ဆက်လက်ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

ဂျာမနီနိုင်ငံသား နည်းပြချုပ် မိုက်ကယ်အနေနဲ့ အခုပွဲစဉ်မှာ မကာအိုအသင်းကို ထပ်မံအနိုင်ရရှိခဲ့ရင် သူ့အနေနဲ့ မြန်မာအသင်းကို ကိုင်တွယ်တဲ့ သက်တမ်း ၈ လအတွင်းမှာ မကာအိုအသင်းကို သုံးကြိမ်မြောက်အနိုင်ရရှိတဲ့ မှတမ်းကောင်းကို ရရှိမှာသလို ဖြစ်ပေမဲ့ သရေကျခဲ့တဲ့အတွက် ၈ လအတွင်း မကာအိုအသင်းကို နှစ်ပွဲနိုင်တစ်ပွဲသရေနဲ့ ရှုံးပွဲမရှိဆိုတဲ့မှတ်တမ်းသာ ပိုင်ဆိုင်ခဲ့ပါတယ်။

တစ်ဖက်မှာလည်း ခြေစစ်ပွဲဒုတိယအဆင့်မှာ ဂျပန်၊ မြောက်ကိုရီးယားအသင်းတွေဟာ မြန်မာနိုင်ငံထက် ခြေစွမ်းသာလွန်တဲ့အသင်းတွေဖြစ်တာမို့လို့ မကာအိုလိုအသင်းကို သရေပဲကန်နိုင်ခဲ့တဲ့ခြေထက် တိုးတက်ဖို့တော့ မိုက်ကယ်ရော မြန်မာ့လက်ရွေးစင်အသင်းပါ ပိုကြိုးစားဖို့လိုနေပြီလို့ ပြောရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *