MT News
Written By Thandar
တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ ” သီတင်းကျွတ်ညလေးတစ်ည”ကို New Version ပြောင်းထားတဲ့ တေးသီချင်းဖန်တီးရလို့ ရင်ခုန်စိတ်လှုပ်ရှားမိတယ်လို့ တေးသံရှင် ပြုံးအင်္သချေက MTNews Entertainment ကိုပြောပါတယ်။
ဒီတေးသီချင်းကို တေးသံရှင် ယွန်းသီရိကျော်နဲ့ ပြုံးအင်္သချေတို့က ပြန်လည်သီဆိုထားတဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲကို အောက်တိုဘာ ၁၇ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ The Love Boat မှာ ကျင်းပခဲ့ပါတယ်။
“ဒီသီချင်းရှေ့မှာလည်း မယုဇနတို့ မူရင်းအဆိုရှင် အန်တီမေခလာတို့ကလည်း ဆိုခဲ့တာ အရမ်းကောင်းခဲ့တယ်။ ဒီ သီချင်းကို ပြန်လည်ဖန်တီးရတာ Pressure တော့ များတာပေါ့။ သေချာလေး Quality ကောင်းအောင် ပြန်လုပ်ထားပါတယ်။ သီချင်းမထွက်ခင် စိတ်တော့ ပူမိတယ်။ ဒါပေမယ့် ပရိသတ်တွေ အားပေးတာ တွေ့ရလို့ ဝမ်းသာရပါတယ်” လို့ တေးသံရှင် ပြုံးအင်္သချေက MTNews Entertainment ကိုပြောပါတယ်။
ဒီစာနယ်ဇင်းမိတ်ဆက်ပွဲကိုတော့ တေးရေး တေးဆို ကောင်းဆက်၊ ရွှေထိုက်၊ ဂျေညီမလေး စတဲ့ နာမည်ကြီးအဆိုတော်တွေ တက်ရောက်ခဲ့ပါတယ်။
သူတို့ဟာ တေးရေးကိုလေးလွင်ရေးသားခဲ့တဲ့ သီချင်းကို လက်ရှိကာလ သီတင်းကျွတ်လည်း နီးပြီးမို့ ရာသီစာလေးအနေနဲ့ ပြန်လည် ဖန်တီးဖြစ်တယ်လို့ ဆိုပါတယ်။ ဒါရိုက်တာ Kina က သရုပ်ဆောင်တွေဖြစ်တဲ့ မင်းသွေးခန့် ၊ ယွန်းသီရိကျော် ၊ ပြုံးအင်္သချေ တို့နဲ့ ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ Melo Music App မှာ “သီတင်းကျွတ်ညလေးတစ်ည “ဟာ နံပါတ် ၄ နေရာကို ဝင်ခဲ့တဲ့ သီချင်းလည်းဖြစ်ပါတယ်။
“ညီမက သီချင်းမလုပ်တာလည်း နည်းနည်းကြာသွားတော့ စိတ်လှုပ်ရှားမိတာပါ။ ရှေ့မှာလည်း ချစ်နေလို့ သီချင်းလေး တစ်ပုဒ်တော့ ထွက်ထားပါတယ်။ သီချင်း အဟောင်းလေးကို ပြန်ဆိုရတာမို့ ကိုယ်တွေက Version အသစ်လည်း ပြောင်းထားတာမို့ ပရိသတ်ပေမယ့် Feedback စိတ်လှုပ်ရှားမိတာပါ”လို့ တေးသံရှင် ယွန်းသီရိကျော်က ပြောပါတယ်။