Photo - Hlegu Information Center
၁၇. ၁၀. ၂၀၂၃
written by KL
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ ရပ်ကွက်အချို့နှင့်ကျေးရွာများတွင် ရေကြီးမှုကြောင့် ရေဘေးသင့်သူဦးရေ ၇၀၀၀ ကျော် ရှိခဲ့ရာမှ ယခုအခါရေများ ပြန်လည်ကျဆင်းနေသဖြင့် ပြည်သူ ၃၁၀၀ ကျော်သာ ကျန်ရှိတော့ပြီး စာသင် ကျောင်း ၅၀ ကျော် ပိတ်ထားရကြောင်း ကယ်ဆယ်ရေး ဆောင်ရွက်သူများထံမှ သိရသည်။
လှည်းကူးမြို့နယ်တွင် ငမိုးရိပ်ချောင်းရေမြင့်တက်မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြို့မရပ်ကွက်၊ အောင်မင်္ဂလာ အပါအဝင် စုစုပေါင်း ရပ်ကွက် ၄ ခုနှင့် မင်းကုန်း၊ အုန်းနှဲကုန်း၊ ဇရပ်ကွင်း၊ ကြာအင်း၊ ငါးဆူတောင်၊ကျွန်းကလေး၊ ကျောက်ကုဒင်၊ စွယ်လပ်၊ ဖောင်ကြီး(အရှေ့)၊စခန်းကြီး၊ ကလီထော်(အရှေ့)၊ စာဘူးတောင်း၊ သူငယ်ချောင်း၊ စစ်ပင်၊ ဝါးနက်ကုန်းစသည့် ကျေးရွာအုပ်စု ၁၇ စုတို့တွင် ရေဝင်ရောက်ခဲ့ကာ နေအိမ်များတွင် ရေဝင်နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။
ရေကြီးမှုကြောင့် အိမ်ခြေ ၁၇၀၀ကျော် ရေဝင်ရောက်ပြီး အိမ်ထောင်စု ၁၇၀၀ ကျော်၊ လူဦးရေ ၇၀၀၀ ကျော်က ယာယီစောင့်ရှောက်ရေးစခန်း ၄၅ နေရာတွင် ယာယီနေထိုင်ခဲ့ရကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သူများထံမှသိရသည်။
ရေကြီးမှုမှာ တဖြည်းဖြည်းရေများကျဆင်းလာသဖြင့် ယာယီစောင့်ရှောက်ရေးစခန်း ၂၃ ခုကို ထပ်မံပိတ်သိမ်းလိုက်သဖြင့် ယာယီစောင့်ရှောက်ရေးစခန်း ၂၂ ခုသာ ကျန်ရှိတော့ပြီး အိမ်ထောင်စု ၈၃၅ စု ၊ လူဦးရေ ၃၁၄၉ ဦးသာ ကျန်ရှိတော့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သူများ၏ စာရင်းများအရသိရသည်။
” ရေကတော့ တဖြည်းဖြည်းကျနေပါပြီ။ တချို့နေရာတွေမှာတော့ ရေရှိနေသေးတာကြောင့် ကယ်ဆယ်ရေးလုပ်ဆောင်နေတာတွေ အစားအစာဝေငှတာတွေ ဆက်လက်လုပ်ဆောင်နေပါတယ်”ဟု ကယ်ဆယ်ရေး လုပ်ဆောင်သူတစ်ဦးက ပြောသည်။
Photo – Hlegu Information Center


