MT News
၇. ၁၀. ၂၀၂၃
ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၈ ရဲ့ ပထမနေ့ ပွဲစဉ်တွေက မန်ယူတို့ ချဲလ်ဆီးတို့လို အထည်ကြီးပျက်အသင်းတွေအတွက် ခက်ခဲဖွယ်ရာရှိသလို နိုင်တော့ နိုင်ကောင်းပါရဲ့လို့လည်း တွေးကြည့်ချင်စရာ ခြေမကွာတဲ့အသင်းတွေ တွေ့ဆုံတာပါ။ ဒီလို တွေ့ဆုံမှုတွေမှာ ဘယ်သူတွေက အနိုင်သုံးမှတ်ယူသွားမလဲ။ ဘယ်အသင်းတွေက အမှတ်ပေးဇယားအောက်ထိုးဆင်းပြီး တန်းဆင်းဖို့ သူနိုင်ငါနိုင် အပြိုင်ကြဲမလဲဆိုတာတွေကို ခန့်မှန်းပေးလိုက်ပါတယ်။
လူတန်တောင်း Vs စပါး
မန်ယူလို လီဗာပူးလိုအသင်းကြီးတွေကို အနိုင်ကန်၊ အာဆင်နယ်လိုအသင်းကိုပါ ၂ ဂိုးစီသရေကျအောင် ကန်နိုင်ခဲ့ပြီး ဒီရာသီမှာ အဆင့် ၂ နေရာ ရပ်တည်နေတဲ့ စပါးတို့ကို အိမ်ကွင်းပေမဲ့လည်း လူတန်တို့ ထိထိရောက်ရောက်ခြိမ်းခြောက်နိုင်မှာမဟုတ်ပါဘူး။ လူတန်က ပရီးမီးယားလိဂ်မှာ အိမ်ဖြည့်သာသာပဲရှိပြီး ငါတို့ တန်းမဆင်းရအောင်ကန်မယ်ဆိုတဲ့ စိတ်ဓာတ်လေးတစ်ခုနဲ့ပဲ ရပ်တည်နေတဲ့အသင်းဖြစ်လို့ ပုံစံပျက်နေတဲ့ အဲဗာတန်ကို နိုင်ထားတယ်ဆိုပေမဲ့ ကျန်တာက အရှုံးများများနဲ့ သရေချည်းပါ။ ဒီပွဲမှာတော့ စပါးကနိုင်ပါလိမ့်မယ်။ ဘာဘာတော့ဗ်ကလည်း လူတန်က စပါးကို နှစ်ဂိုး ဂိုးမရှိနဲ့ ရှုံးမယ်လို့ ခန့်မှန်းထားတာ တွေ့ရပါတယ်။
အဲဗာတန် Vs ဘုန်းမောက်
ဒီရာသီမှာ အခြေမလှတဲ့အသင်းနှစ်သင်း ထိပ်တိုက်တွေ့တဲ့ပွဲဖြစ်ပြီး အညံ့ချင်းပြိုင်ကြမလား တွေးစရာပွဲပါ။ ဒါပေမဲ့လည်း ပရီးမီးယားလိဂ် ဝါရင့်အသင်းကြီး အဲဗာတန်အနေနဲ့ တန်းတင်ကျန်ချင်တယ်ဆိုရင်တော့ အသင်းငယ်တွေနဲ့ပွဲ၊ အိမ်ကွင်းပွဲတွေကို အမှတ်ပြည့်ရဖို့ကြိုးစားရမှာပါ။ ဒါပေမဲ့လည်း အဲဗာတန်က ဒီနှစ်မှာ အိမ်ကွင်းလေးပွဲစလုံးရှုံးထားပြီး အဲဒီလို ရှုံးတဲ့အထဲ လူတန်တောင်းလိုအသင်းတောင်ပါနေတဲ့အပြင် ဘုန်းမောက်ကလည်း တိုက်စစ်ညံ့တဲ့အသင်းဖြစ်တာကြောင့် ဒီနေ့ပွဲဟာ သရေနဲ့ ဂိုးအောက်သွားနိုင်ခြေများပါတယ်။ ဘာဘာတော့ဗ်ကတော့ အဲဗာတန်နဲ့ ဘုန်းမောက်တို့ တစ်ဂိုးစီသရေပါတဲ့။
ဖူဟမ် Vs ရှက်ဖီးလ်
အဲဗာတန်၊ လူတန်တို့ကို အနိုင်ကန်ထားပြီး အာဆင်နယ်ကို ၂ ဂိုးစီသရေကန်ထားတယ်ဆိုပေမဲ့လည်း ဖူဟမ်ရဲ့ ခြေစွမ်းက အားရစရာမကောင်းလှပါဘူး။ ဒါပေမဲ့လည်း ဖူဟမ်ထက် စိတ်ပျက်စရာကောင်းနေတာက ရှက်ဖီးလ်လို့ ပြောရမှာပါ။ ဒီရာသီမှာ ပရီးမီးယားလိဂ်အဆင့် ၂၀ မှာ ရပ်တည်နေပြီး အဲဗာတန်တစ်သင်းကို သရေကျထားတဲ့ တစ်မှတ်ပဲရထားတာပါ။ ဒါကြောင့်မို့လို့ အနိုင်အတွက်ဆိုရင်တော့ ဖူဟမ်ကိုပဲရွေးချယ်ရပါလိမ့်မယ်။ ဘာဘာတော့ဗ်ကလည်း ဖူဟမ် ၂ – ၁ ရှက်ဖီးလ်လို့ဆိုပါတယ်။
ဘန်လေ Vs ချဲလ်ဆီး
ဒီရာသီရဲ့ အထည်ကြီးပျက် ချဲလ်ဆီးတို့ လူတန်ကို သုံးဂိုးပြတ်သွင်းပြီးကတည်းက နော်တင်ဟမ်လို၊ ဗီလာလိုအသင်းတွေကို ရှုံး၊ ဘုန်းမောက်လိုအသင်းကို အိမ်ကွင်းမှာ သရေကန်နဲ့ အားပေးတဲ့ ပရိသတ် စိတ်ပျက်လောက်အောင် ခြေညံ့တွေ ပြနေတာပါ။ ဒါပေမဲ့လည်း ဘန်လေကလည်း လူတန်လိုတစ်သင်းပဲနိုင်ထားပြီး ကျန်တာအားလုံးလိုလိုက ရှုံးတာနဲ့ သရေတစ်ပွဲပဲဆိုတော့ အဝေးကွင်းမှာ ချဲလ်ဆီးတို့ အနိုင်သုံးမှတ်ယူမလား တွေးချင်ပေမဲ့လည်း စိုးရိမ်စရာရှိသလို ဘာဘာတော့ကလည်း ဘန်လေ တစ်ဂိုး၊ ချဲလ်ဆီးတစ်ဂိုးလို့ခန့်မှန်းတဲ့အခြေအနေမှာ ချဲလ်ဆီးက ပွတ်ကာသီကာနိုင်ပြီး ဂိုးအောက်သွားမဲ့အခြေအနေပါလို့ပဲ။
မန်ယူ Vs ဘရန့်ဖို့
ခရစ္စတယ်ပဲလေ့စ်လို ဘရိုက်တန်လိုအသင်းတွေကို အိမ်ကွင်းမှာ ရှုံးထားတဲ့အပြင် ဂါလာတာစာရေးကိုပါ အိမ်ကွင်းမှာ ရှုံးခဲ့သေးတဲ့ မန်ယူဟာ ဘရန့်ဖို့ကို အိမ်ကွင်းမှာ ရင်ဆိုင်ရပေမဲ့ နိုင်မလားလို့မေးရင်တော့ သေသေချာချာကို တွေးပြီးမှ နိုင်လောက်ပါတယ် ဖြေရမဲ့အခြေအနေပါ။ တစ်ဖက်မှာလည်း ဘရန့်ဖို့က တိုက်စစ်ကောင်းသလို အသင်းတိုင်းက နိုင်ချင်နေတဲ့ မန်ယူကို အိမ်ကွင်းမှာ နိုင်ပြဖို့ ကြိုးပမ်းမှာဖြစ်သလို ၁၀ ပွဲကို ၁၈ ဂိုးပေးထားရတဲ့ အိုနားနားနဲ့ လူနာများနေတဲ့ မန်ယူနောက်တန်းကြောင့် သရဲနီပရိသတ်တွေ ရင်တမမနဲ့ ကြည့်ရဦးမဲ့ပွဲဖြစ်ပြီး မဖြစ်မနေအနိုင်ရွေးဆိုရင်တော့ ဖိအားများနေတဲ့ တန်ဟတ်ဂ်က ဒီပွဲအရှုံးခံရဲမှာမဟုတ်ဘူးလို့ ဖြေတွေးရင်း မန်ယူဘက်မှာ ရပ်လိုက်ပါ။ ဘာဘာတော့ဗ်ကလည်း အခြေအနေဆိုးနေတဲ့ သူ့အသင်းဟောင်းက ၁ ဂိုး ဂိုးမရှိလောက်နဲ့နိုင်မယ်လို့ မဝံ့မရဲ ခန့်မှန်းရှာပါသေးတယ်။
ခရစ္စတယ်ပဲလေ့စ် Vs နော်တင်ဟမ်ဖောရက်စ်
မန်ယူလို အထည်ကြီးပျက်အသင်းကို အိပ်မက်ကဇာတ်ရုံအထိသွားပြီး ခြောက်ခြားစေခဲ့တဲ့ ခရစ္စပဲလေ့စ်တို့က လက်ရှိမှာ အိမ်ကွင်းလည်းဖြစ်လို့ စိတ်ဓာတ်တက်နေမှာပါ။ ဗီလာကို အဝေးကွင်းမှာ ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးခဲ့တဲ့ပွဲစဉ်ကလွဲရင် ပဲလေ့စ်တို့က ဒီရာသီနိုင်ပွဲ ၃ ပွဲ သရေ ၂ ပွဲနဲ့ ပရီးမီးယားလိဂ်မှာ မန်ယူအထက်ကနေ အတိုင်းအတာတစ်ခုအထိတော့ လုပ်ပြနေတာ တွေ့ရပါတယ်။ နော်တင်ဟမ်ကလည်း ချဲလ်ဆီးလို အထည်ကြီးပျက်အသင်းကို အနိုင်ယူထားတဲ့ နိုင်ပွဲ ၂ ပွဲ သရေ ၃ ပွဲနဲ့ပါ။ ဒီနေ့ပွဲဟာ အလယ်အလတ်မှာပဲ ရပ်တည်ကြမဲ့ အသင်းနှစ်သင်းရဲ့ စီးချင်းထိုးပွဲဖြစ်ပြီး ဒီစီးချင်းထိုးပွဲမှာ မဖြစ်မနေ အနိုင်ဆိုရင်တော့ ပဲလေ့စ်တို့ကိုပဲ ရွေးဖို့ အကြံပြုရမှာပါ။ ဒါပေမဲ့ ဘာဘာတော့ဗ်ကတော့ ပဲလေ့စ်က ဖောရက်စ်ကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးမယ်လို့ သုံးသပ်ထားတာလည်း သတိပြုပါ။






