အစ္စရေးဘက်မှ တန်ပြန်တိုက်ခိုက်မှုများ စတင်

၇. ၁၀. ၂၀၂၃
Translated by Htwe Ko Tun

ဟားမားစ်အစ္စလာမ္မစ် စစ်သွေးကြွအုပ်စုမှ လက်နက်ကိုင်အများအပြားက အစ္စရေးနိုင်ငံတောင်ပိုင်းသို့ အောက်တိုဘာ ၇ ရက် နံနက်ပိုင်းက စိမ့်ဝင်လာကြကာ ရုတ်တရက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြရာ အစ္စရေးမြို့များ လမ်းများပေါ်တွင် စစ်သွေးကြွအများအပြားရောက်ရှိနေသည်ကို ဗီဒီယိုများ၌တွေ့ခဲ့ကြရသည်။

ဂျေရုဆလင်မြို့မှ စွန့်ခွာကြရန် အချက်ပေးဥဩသံများကိုလည်းကြားကြရပြီး ဂါဇာကမ်းမြောင်ဘက်မှဒုံးကျည်များဖြင့် အဆက်မပြတ်ပြင်းထန်စွာ ပစ်ခတ်နေမှုကြောင့် အနည်းဆုံးအစ္စရေးအမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်းလည်း အစ္စရေးသတင်းစာများက ဖော်ပြခဲ့ကြသည်။

This image has an empty alt attribute; its file name is photo_2023-10-07_15-39-26.jpg

လူမှုကွန်ရက်ပေါ်သို့ရောက်ရှိလာသော ဗီဒီယိုများ၌ လမ်းများပေါ်တွင် ပါလက်စတိုင်းစစ်သွေးကြွများက ဖြတ်သန်းတွေ့ရှိသူမှန်သမျှကို ပစ်ခတ်နေခြင်းအား တွေ့ကြရသည်။ အရုဏ်တက်ပြီး မကြာမီမှာပင် ဟားမားစ်တို့က ဒုံးကျည်များဖြင့် ဂါဇာကမ်းမြောင်ဘက်မှ စတင်ပစ်ခတ်ခဲ့ကြခြင်းဖြစ်ပြီး အဆင့်မြင့် ဟားမားစ်တပ်မှူးတစ်ဦးက စစ်ဆင်ရေးစတင်နေပြီဖြစ်ကြောင်းနှင့် ပါလက်စတိုင်းလူမျိုးတို့အနေဖြင့် နေရာတိုင်းတွင် ပါဝင်တိုက်ခိုက်ကြရန် ဟားမားစ် မီဒီယာမှ ပြောကြားခဲ့သည်။

ဟားမားစ် အစ္စလမ်မစ်စစ်သွေးကြွအုပ်စုခေါင်းဆောင် မိုဟာမက် ဒစ်ဖာက Alaqsa Storm ဟု အမည်ပေးထားသော ၎င်းတို့၏စစ်ဆင်ရေးတွင် နံနက်အစောပိုင်းမှစ၍ ဒုံးကျည် ၅,၀၀၀ ကျော် အစ္စရေးနိုင်ငံအတွင်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီဟု ပြောခဲ့သည်။

This image has an empty alt attribute; its file name is photo_2023-10-07_15-39-27-2.jpg

အစ္စရေးနိုင်ငံ တယ်လ်အဗစ်မြို့အနီးနှင့် ဂါဇာပတ်ဝန်းကျင်ဒေသများတွင် ပေါက်ကွဲသံများကိုကြားနေ ရကာ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့များက ပြည်သူများအနေဖြင့် အိမ်များအတွင်းတွင်သာနေကြရန်နှင့် မိမိတို့က ပြည်သူများကိုကာကွယ်ပေးသွားမည်ဟု ပြောခဲ့သည်။အစ္စရေးတပ်ဖွဲ့များက ဟားမားစ်တို့ အနေဖြင့် ၎င်းတို့လုပ်ရပ်အတွက် ကြီးမားသောတန်ဖိုးပေးဆပ်ရမည်ဟုပြောခဲ့ပြီး မိမိတို့ဘက်မှ ဂါဇာကမ်းမြောင်ကို တန်ပြန်တိုက်ခိုက်မှုများပြုနေပြီဟုလည်း ပြောခဲ့သည်။

The Times of Israel သတင်းစာက အစ္စရေးအစိုးရ၏ ထိပ်တန်းလုံခြုံရေးဆိုင်ရာအစည်းအဝေးကို စတင်ကျင်းပနေပြီဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်။ နောက်ဆုံးသတင်းများအရ အစ္စရေးစစ်တပ်က ဟားမားစ်တို့၏ တိုက်ခိုက်မှုကိုတုံ့ပြန်ရန် Iron Swords စစ်ဆင်ရေးဖြင့် ပြန်လည်တိုက်ခိုက်နေပြီဖြစ်ကြောင်း၊ အစ္စရေးဂျက်တိုက်လေယာဉ်များက ဂါဇာဒေသကို ပြင်းထန်စွာတိုက်ခိုက်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ သည်ဟု သိရသည်။

Ref; bbc, Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *

Related News