၂၉. ၉. ၂၀၂၃
Written by Nay Moe

မြင်းခြံမြို့နယ်တွင် PDF များက နေအိမ်၌ရှိနေသော မိသားစုဝင် ၄ ဦးကို “ဒလန် မိသားစု”များဟုဆိုကာ သေနတ်ဖြင့် ပစ်သတ်သွားမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(စက်တင်ဘာ ၂၈ ရက်)မနက် ၆ နာရီခွဲဝန်းကျင်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ပျိုးကန်ကျေးရွာတွင်နေထိုင်ကြသော အသက် ၅၄ နှစ်အရွယ်ဦးကျင်စိုး(ခ) ဦးခင်မောင်ထွေး၊ အသက် ၅၃ နှစ်အရွယ်ဇနီးဖြစ်သူ ဒေါ်သန်းကြည် (ခ)ဒေါ်စိန်တင်၊ အသက် ၅၄ နှစ်အရွယ် ဒေါ်လုံးနှင့် အသက် ၅၄ နှစ်အရွယ် ဦးကျော်မိုး တို့အတူရှိနေစဉ် ဆိုင်ကယ်သုံးစီးဖြင့် PDF ၆ ဦးရောက်ရှိလာပြီး “ဒလန်မိသားစု”ဟုပြောဆိုကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကာ ကျေးရွာ၏မြောက်ဘက်သို့ ဆိုင်ကယ်များဖြင့် ပြန်လည်ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုကြောင့် ဦးခင်မောင်ထွေး(ခ) ဦးကျင်စိုးတွင် ဦးခေါင်းနောက်စေ့ကို ဖောက်ဝင်ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ၎င်း၏ဇနီးဖြစ်သူ ဒေါ်သန်းကြည်(ခ) ဒေါ်စိန်တင်တွင်လည်း ဦးခေါင်းနောက်စေ့ကို ဖောက်ဝင်ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ဒေါ်လုံး ဦးခေါင်းနောက်စေ့ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာရင်အုံဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာလည်ပင်းပွင့်ထွက်ဒဏ်ရာ ၁ ချက်နှင့် ဦးကျော်မိုးတွင် ယာပါးဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ဦးခေါင်းနောက်စေ့ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲနားဖောက်ဝင် ဒဏ်ရာ ၁ ချက်တို့ဖြင့် အသီးသီးသေဆုံးနေသဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် အလောင်းများအား မြင်းခြံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယင်းအခင်းဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာကာ စစ်ဆေးမှုများပြုလုပ်ခဲ့ကာ ဖြစ်စဉ်နေရာအနီးမှ အမ်-၂၂ ကျည်ခွံ(၆)ခု သိမ်းဆည်းရရှိခဲ့ပြီး သေနတ်ဖြင့် ပစ်ခတ်သူများကိုအမြန်ဆုံးပြန်လည်ဖမ်းဆီးရမိရေးအတွက် လိုက်လံစုံစမ်းနေကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *