၂၉.၉.၂၀၂၃.
Translated by Htwe Ko Tun

ရုရှား-ယူကရိန်းစစ်ပွဲတွင် ယူကရိန်း၏တန်ပြန်ထိုးစစ်ကရှေ့ဆက်တိုးနိုင်ရန် အလွန်နှေးကွေးနေရခြင်းက ရုရှား၏ခံစစ်စည်း ကြောင်းမှာ အနောက်အုပ်စုကထင်ထားသည်ထက် ပို၍ခိုင်မာတောင့်တင်းနေ၍ဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေးဦးစီးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး တိုနီရာဒါကင်က ဝန်ခံပြောကြားခဲ့သည်ဟု The Times သတင်းစာက ဖော်ပြခဲ့သည်။

၎င်း၏ထင်မြင်ချက်တွင် တိုနီရာဒါကင်က လေ့လာသူများကလည်း ယူကရိန်း၏ တန်ပြန်ထိုးစစ်က အချိန်တိုအတွင်း အောင် မြင်မှုမရနိုင်ဟု မျှော်လင့်ထားကြကြောင်း၊ စစ်ပွဲအောင်မြင်ရန်မှာ စစ်ရေးနှင့် စီးပွားရေးစွမ်းအား နှစ်ခုစလုံးကောင်းမွန်ရန်လိုကြောင်း ၎င်းကပြောခဲ့သည်။ ရာဒါကင်က “စစ်ဘက်ကတော့ တိုက်ပွဲတွေကိုအနိုင်တိုက်မှာပဲ။ ဒါပေမယ့် စစ်ပွဲတွေအနိုင်ရဖို့ စီးပွားရေးအင်အားကောင်း မွန်ဖို့နဲ့ ကြာရှည်ကြံ့ကြံ့ခံနိုင်ဖို့လည်း လိုတယ်” ဟု ပြောခဲ့သည်။

ရာဒါကင်က ယူကရိန်းစစ်တပ်၏စစ်ဆင်ရေးများက နိုင်ငံအတွင်း စစ်သားသစ်များအတွက် စစ်ဘက်သင်တန်းများချို့တဲ့မှုကြောင့်လည်း အခက်အခဲဖြစ်နေရကြောင်း၊ ဆိုဗီယက်လုပ်နှင့် အနောက်အုပ်စုမှထုတ်သော လက်နက်အမျိုးမျိုးကို အသုံး ပြုနေကြသည့် ယူကရိန်းတပ်ဖွဲ့များနှင့်အတူ စစ်မြေပြင်တွင် စစ်ယာဉ်များနှင့်လက်နက်ကိရိယာများက ရှေ့သို့မတိုးနိုင်ဘဲဖြစ်နေရကြောင်းလည်း ဆက်လက်ပြောခဲ့သည်။ ထို့ပြင် ၎င်းက ယူကရိန်းအစိုးရအနေဖြင့် တန်ပြန်ထိုးစစ်ပြုလုပ်ရာတွင် အလွန်နောက်ကျကြောင်း ပြောခဲ့သည်။

ရာဒါကင်က ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂရန့်ရှတ်စ်နှင့်အတူ ယူကရိန်းမြို့တော် ကီးအက်ဗ်သို့ လာရောက်လည်ပတ်အပြီးတွင် ဤသို့ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ဆက်လက်၍ ၎င်းက တန်ပြန်ထိုးစစ်အစတွင် ယူကရိန်းက လက်နက်ကိရိယာခဲယမ်းများ ပိုမိုရရှိရေး အာမခံရန်လိုလားခဲ့ကြောင်း၊ ထို့နောက်တွင်မူ စစ်ပွဲအတွင်း ဆိုးဝါးသောရာသီဥတုကိုကြုံ တွေ့ခဲ့ရကြောင်း၊ လက်တွေ့တွင်လည်း ရုရှားတပ်ဖွဲ့များ၏ ခံစစ်စည်းကြောင်းများက မူလထင်ထားသည်ထက် များစွာပို၍ အင်အားတောင့်တင်းခိုင်မာနေသည်ကို တွေ့ရကြောင်း ပြောခဲ့သည်။

ယူကရိန်းတပ်ဖွဲ့များက ဇွန်လ ၄ ရက်တွင် စတင်ခဲ့သော တန်ပြန်ထိုးစစ်အတွင်းအောင်မြင်မှုမရသော ထိုးဖောက်တိုက်ခိုက်မှုများကိုသာ ပြုလုပ်ခဲ့ကြသည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်က စစ်ပွဲအတွင်း ယူကရိန်းတပ်ဖွဲ့များဘက်မှထိုအချိန်ထိ ကျဆုံးသူ ၇၁,၅၀၀ ဦးနှင့် ဖျက်ဆီးခံရသော တင့်ကားနှင့်လက်နက်တင် သံချပ်ကာယာဉ် ၁၈,၅၀၀ ခန့်ရှိသွားပြီဟု စက်တင်ဘာ လ ၁၂ ရက်တွင် ပြောခဲ့သည်။

ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရှိုဂူကလည်း ဩဂုတ်လတစ်လအတွင်း၌ပင် ယူကရိန်းဘက်မှ ကျဆုံးသူ ၁၇,၀၀၀ ကျော်ရှိခဲ့ကြောင်း၊ ယူကရိန်း၏တန်ပြန်ထိုးစစ်မှာ ရည်မှန်းချက်များအတိုင်းမဖြစ်ဘဲ ကျရှုံးခဲ့ကြောင်း စက်တင်ဘာလ ၂၆ ရက်က ထပ်မံပြောကြားခဲ့သည်။

Ref–The Times, Tass

Leave a Reply

Your email address will not be published. Required fields are marked *

Related News