၂၉.၉.၂၀၂၃
Written by Peya

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ လျှော်ပင်ရွာအနီးတွင် Light Truck ယာဥ် ၁ စီးက ရေကျော်ချောင်းကို ဖြတ်ကူးစဉ် ရေစီးနှင့်အတူမျောပါခဲ့ပြီး သားအဖနှစ်ဦးသေဆုံးကြောင်း ဖြစ်စဉ်တွင် ကူညီဆောင်ရွက်ပေးခဲ့သည့် ကရုဏာရှင်နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူ၏ ပြောကြားချက်အရ ကနဦး သိရသည်။

အဆိုပါဖြစ်စဉ်မှာ ယနေ့ စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်း ၈ နာရီခွဲအချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကားနှင့် အလောင်း ၂ လောင်းကို တစ်နေရာစီမှ ပြန်လည်တွေ့ရှိရကြောင်းလည်း ၎င်းက ဆိုသည်။

“ဖြစ်စဉ်ဖြစ်ပြီးမှ ရောက်လာတာဆိုတော့ သူတို့ပြောတာက ချောင်းရေလုံးရိုက်သွားတာလို့ ပြောတယ်။ ကားပျက်လို့ ရပ်ထားတဲ့ အချိန်လို့ သူတို့ကပြောတယ်ဗျ။ ကျွန်တော်တို့ သိရတာက ၂ ယောက်ပဲပါတယ် ပြောတယ်။ စျေးရောင်းပြန်ဆိုလား စျေးဝယ်ပြန်ဆိုလား မသိဘူး။ တစ်လောင်းက သစ်ပင်မှာ ချိတ်နေတယ်လို့ မီးသတ်က ပြောတယ်။ တစ်လောင်းကတော့ ချောင်းဖျားမှာ သွားပေါ်တယ်လို့ ပြောပါတယ်” ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။

သားဖြစ်သူ၏အလောင်းက ချောင်းဖျားတွင် ပေါ်ခြင်းဖြစ်ကာ သစ်ပင်တွင်ချိတ်နေသည့်အလောင်းမှာ ဖခင်ဖြစ်သူ၏ အလောင်းဟု သိရကြောင်းလည်း ၎င်းက ဆိုသည်။

“ကားက သဲမြုပ်သွားလို့ ပြန်တူးထုတ်ရပါတယ်။ ဖြစ်စဉ်ဖြစ်တဲ့ နေရာကနေ ပေ ၂၀ ပတ်ခြာလည်လောက်ကို ရောက်သွားတယ်။ သေဆုံးသူတွေရဲ့နေရပ်ကတော့ ညောင်ဦး၊ အရာတော်လား။ မကွေးတိုင်းဘက်က အရာတော်ကလား မသိဘူး။ အရာတော်ကလို့တော့ သိပါတယ်” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

ညောင်ဦးခရိုင်မီးသတ်စခန်းနှင့် ညောင်ဦးမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ တောင်ဇင်းနယ်မြေမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် သဲအတွင်းနစ်မြုပ်သွားသော Light Truck ယာဉ်ကိုလည်း ပြန်လည်ဆယ်ယူနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *