၂၉.၉.၂၀၂၃
Written by Peya

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏမီးပွိုင့်အနီးတွင် ကားနှစ်စီး ပြင်းထန်စွာတိုက်မိမှု ဖြစ်ပွားခဲ့သော်လည်း ကားပေါ်ပါသူများ အသက်အန္တရာယ်မရှိခဲ့ကြောင်း ဖြစ်စဉ်တွင် သွားရောက်ကူညီဆောင်ရွက်ပေးခဲ့သည့် Medical လူငယ်များအသင်း(ရန်ကုန်) မှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

အဆိုပါဖြစ်စဉ်မှာ စက်တင်ဘာ ၂၈ ရက် ညပိုင်း ၉ နာရီခွဲအချိန်ခန့်က သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏမီးပွိုင့်အနီးရှိ ဒေါင်လက်ဖက်ရည်ဆိုင်ရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အနက်ရောင် Ford ယာဥ်နှင့် အဖြူရောင် Hijet တို့ တိုက်မိခဲ့ခြင်းလည်း ဖြစ်သည်။

“ကားအနက်က ဒေါင်လက်ဖက်ရည်ဆိုင် လမ်းကြားထဲကနေ ထွက်လာတာပါ။ Hijet ကတော့ သုဝဏ္ဏဘက်ကနေ ကွေ့လာပြီး အလယ်ကြောထဲကနေလာတာ။ ကားအနက်ကို ဖြတ်တိုက်လိုက်မိတာပေါ့။ နှစ်စီးစလုံးက အရှိန်ပါတယ်။ Hijet က ပထမ တည့်တည့်မှာတိုက်မိပြီးတော့မှ စောင်းသွားတာပေါ့။ ဟိုဘက်လမ်းကို ခေါင်းတည်သွားတာ” ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။

အဆိုပါဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်းလည်း အထက်ပါတာဝန်ရှိသူက ဆိုသည်။

“Hijet က ဂျွိုင်းဆက်ပြုတ်သွားတယ်။ ကားအနက်က ဖောက်တွေ ဘာတွေ ကျိုးသွားတာပေါ့” ဟု ၎င်းက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News