၂၉. ၉. ၂၀၂၃
Written by Nay Moe

ဒလန်ဟုဆိုကာ စွပ်စွဲသတ်ဖြတ်မှုများကြောင့် ရာအိမ်မှူးတစ်ဦးအပါအဝင် ပြည်သူ ၄ ဦးသေဆုံးခဲ့ရသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်များမှာ စက်တင်ဘာ ၂၅ ရက် နံနက် ၈ နာရီ ၂၀ မိနစ်အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ခုံမော်အနောက်ကျေးရွာ၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသား ၁ ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ရာအိမ်မှူးဖြစ်သူ ဦးအေးဇော်(ခ)အေးပို (၄၇) နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အဖွဲ့ အင်အား ၁၀ ဦးခန့်က ဆိုင်ကယ်များဖြင့် ရောက်ရှိလာကာ ဦးအေးဇော်(ခ)အေးပိုအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ခုံမော်အရှေ့ကျေးရွာရှိ ကွမ်းခြံအနီးသို့အရောက်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးအေးဇော်(ခ)အေးပိုတွင် ဦးခေါင်းနောက်စေ့နှင့် ဝဲနားရွက်နောက်ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်ရရှိ၍ သေဆုံးသွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အလားတူ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်အချိန်တွင် လောင်းလုံးမြို့နယ်၊ ခမောင်းတောင်ကျေးရွာနေ ဦးနိုင်နိုင်ဦး (၄၄) နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အင်အား ၄ ဦးခန့်က ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး “ဒလန်”ဟု စွပ်စွဲပြောဆိုကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးနိုင်နိုင်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့အတူ စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကန်နီကျေးရွာ၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသား ၁ ဦးသေဆုံး သွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွား ရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးဇော်ဇော်ခိုင်(ခ)ဦးမာတောက် (၄၆) နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အဖွဲ့ အင်အား ၅ ဦးက ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး “ဒလန်”ဟုစွပ်စွဲပြောဆိုကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးဇော်ဇော်ခိုင်(ခ)ဦးမာတောက်တွင် ယာနံဘေးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲနားကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထက်ပါဖြစ်စဥ်များအပြင် စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ သိမ်တိုင်ကျေးရွာနေ ဦးကျော်သက်ဦး (၅၁) နှစ်သည် တစ်ရွာတည်းနေသူများဖြစ်သည့် ဒေါ်အေးခိုင်၊ ဒေါ်ယုမွန်၊ ဒေါ်အေး အေးနု၊ ဒေါ်နန္ဒာအောင်၊ ဒေါ်စန္ဒာဝင်းတို့ ၅ ဦးအား မြင်းခြံမြို့ပေါ်သို့ ဈေးသွားဝယ်ရန်အတွက် ၎င်းမောင်းနှင်သည့် သုံးဘီး ယာဉ်ဖြင့် လိုက်ပါပို့ဆောင်စဉ် တောပုကျေးရွာနှင့် တလုပ်မြို့ကျေးရွာကြားအရောက်၌ ၎င်းတို့၏အနောက်မှ ဆိုင်ကယ် ၂ စီးဖြင့် လိုက်ပါလာသည့် PDF ၄ ဦး(စိစစ်ဆဲ)က သုံးဘီးယာဉ်အား ရပ်တန့်ခိုင်းကာ ဦးကျော်သက်ဦးအား “ဒလန်”ဟုစွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်ကာ တလုပ်မြို့ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် ဦးကျော်သက်ဦးတွင် လည်ပင်းမှ ယာချိုစောင်းသို့ ကျည်ဖောက်ထွက်ဒဏ်ရာတစ်ချက်ဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *