၂၅.၉. ၂၀၂၃
Written by Phyo Wei

တရုတ်နိုင်ငံအနေနဲ့ နျူကလီးယားနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံကို နည်းပညာတွေ မျှဝေပေးစေလိုတယ်လို့ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးတင်မောင်ဆွေက တိုက်တွန်းတောင်းဆိုလိုက်တဲ့ ဒီရက်သတ္တပတ်မှာပဲ ဗြိတိန်နိုင်ငံကလည်း သူ့နိုင်ငံသားတွေကို မြန်မာနိုင်ငံက ဒေသကိုးခုဆီ မသွားဖို့ ကန့်သတ်ချက် ထပ်ထုတ်လိုက်ပါတယ်။ ထုတ်ပြန်ချက်မှာဆို NUG နဲ့ PDF တွေဟာ တပ်စခန်းတွေ၊ ရဲစခန်းတွေ၊ တပ်နဲ့ဆက်နွှယ်တဲ့ နေရာတွေကို ပစ်မှတ်ထားပေမဲ့ သူတို့ ဗြိတိန်နိုင်ငံသားတွေ သွားလာတတ်တဲ့ ဟိုတယ်တွေ၊ စျေးဝယ်စင်တာတွေ၊ အရပ်သားသွားလာမှုများတဲ့နေရာတွေကို တိုက်ခိုက်မှုလည်းရှိတတ်တာကြောင့် ထိခိုက်မှာစိုးလို့ ကန့်သတ်တယ်ဆိုတာကို ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် အကြမ်းဖက်သမားတွေဟာ အချိန်မရွေး တိုက်ခိုက်မှုတွေလုပ်နိုင်လို့ ဒေသအာဏာပိုင်တွေရဲ့ အကြံပြုချက်ယူပြီးမှ သွားလာပါလို့လည်း ထူးထူးခြားခြား ညွှန်းဆိုခဲ့ပြီး အဲဒီညွှန်းဆိုချက်ဟာ NUG PDF တွေရဲ့ လုပ်ရပ်ကိုပြောတာဆိုတာပေါ်လွင်စေခဲ့ပါတယ်။

အခြားတစ်ဖက်မှာဆိုရင်လည်း နိုင်ငံရေးပါတီတွေရဲ့ ပါတီဝင်စာရင်းတွေက မြေပြင်နဲ့ မကိုက်တာ၊ မြန်မာ့အရေးအတွက် အာဆီယံသုံးနိုင်ငံပူးပေါင်းဖြေရှင်းမှုကို လာအိုနိုင်ငံက အာဆီယံဥက္ကဋ္ဌဖြစ်လာချိန်စတင်မယ်လို့ သတင်းတွေထုတ်လာခဲ့တာရှိပေမဲ့လည်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ PDF တွေ အများအပြားသေဆုံးခဲ့တာကို ဗိုလ်နဂါးက စာရင်းဖျောက်ထားတယ်ဆိုတဲ့အကြောင်း၊ မြန်မာနိုင်ငံမှာ ကလေးသူငယ်ကိုယ်ဝန်သည်တွေကိုပါမချန် မကြုံစဖူးသတ်ဖြတ်မှုတွေဖြစ်လာနေတယ်လို့ USDP ဥက္ကဋ္ဌဖွင့်ဟတဲ့အကြောင်းတွေနဲ့ နိုင်ငံတစ်ဝန်းမှာ လက်ရှိဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေဟာ စာမတတ်သူတွေကြောင့်လို့ သုံးသပ်လာတဲ့အကြောင်းတွေကို တင်ပြချင်ပါတယ်။

“ဗိုလ်နဂါးဖုံးကွယ်တဲ့ PDF ၄၀ ကျော်သေဆုံးမှု”

BRNA ဆိုပြီး ဗိုလ်နဂါးက ကိုယ်ပိုင်တပ်မထောင်ခင် အရင်ကဖွဲ့စည်းခဲ့တဲ့ MRDA နဲ့ NUG လက်အောက်ကနေ တိုက်ခိုက်မှုတွေလုပ်ချိန်မှာ PDF ၄၀ ကျော် သေဆုံးခဲ့တယ်ဆိုတာကို ဗိုလ်နဂါးက NUG ဆီစာရင်းမသွင်းခဲ့သလို MRDA ကို ပြည်သူတွေဘယ်လောက်လှူတယ်ဆိုတာလည်း သိခွင့်မရခဲ့ဘူးလို့ BRNA ဖွဲ့လိုက်တဲ့ ဗိုလ်နဂါးလက်အောက်ကနေ NUG လက်အောက်ကိုအပြီးခိုဝင်သွားတဲ့ ယင်းမာပင်ခရိုင်တပ်ရင်းလေးခုက ဖော်ကောင်လုပ်ထုတ်ပြန်လာတာတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ PDF တွေ LPDF တွေ အဖွဲ့ ၆၀၀ ကျော်ဖြစ်လာချိန်မှာ လက်နက်အင်အားမလုံလောက်၊ ကျည်လည်းမရှိပေမဲ့ PDF တွေရဲ့ စစ်ရေးထုတ်ပြန်ချက်တွေ ကြည့်လိုက်မယ်ဆိုရင် တပ်ဘက်က ၁၀ ဦးသေဆုံး၊ PDF တစ်ဦးမစိုးရိမ်ရဆိုတာမျိုးချည်းထုတ်ပြန်တာပါ။ ဒါပေမဲ့လည်း အချိန်တစ်ခုလွန်လာချိန်မှာတော့ ဒီလိုထုတ်ပြန်ချက်တွေက ပြည်သူတွေကို လိမ်ခဲ့ပြီး PDF တွေ အများကြီးသေတယ်ဆို တော်လှန်ရေးက အောင်မှာမဟုတ်ဘူးဆိုတာ သိကုန်မှာမို့လို့ လိမ်လည်ထုတ်ပြန်တယ်ဆိုတာကိုလည်း သဘောပေါက်ကုန်ပါပြီ။

သဘောမပေါက်လို့လည်း မရတော့တဲ့အခြေအနေအဖြစ် PDF တွေရဲ့ စခန်းတွေမှာ အလောင်းတွေဆယ်ရာချီမြှုပ်ထားတဲ့ မြေပုံတွေ လူမှုကွန်ရက်မှာ တက်လာတာ၊ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာလည်း KNDF က ဒုတိယစစ်ဦးစီးချုပ်ဆိုသူဟာ ကျဆုံးသွားတဲ့ ညီအကိုမောင်နှမတွေအတွက် တက်တူးထိုးတယ်ဆိုပြီး လူဦးရေ ၁၅၃ ဦးသေဆုံးမှုကို ကိုယ်စားပြုတဲ့ သင်္ကေတပုံဖော်ပြတာလုပ်ခဲ့ပါတယ်။ အဲဒီဖော်ပြတဲ့အဖွဲ့ဟာ PDF သေဆုံးမှုကို ဆယ်ယောက်ပြည့်အောင် ထုတ်ပြန်ခဲ့တာမရှိဘဲ အခုအချိန်ကျမှ ၁၅၃ ယောက်သေခဲ့တယ်လို့ ပြောခဲ့တာပါ။ ဒါမျိုးဟာ ၂ ဖွဲ့လောက်ကိုပဲ ဥပမာပေးတာဖြစ်ပြီး ကျန်တဲ့ PDF၊ LPDF နဲ့ EAOs အဖွဲ့တွေမှာလည်း အလားတူပါပဲ။ ဒါပေမဲ့လည်း စိတ်မကောင်းစရာကတော့ တော်လှန်ရေးမနိုင်တော့မှာ စိတ်ဓာတ်ကျကုန်မှာကြောက်ပြီး တိုက်ပွဲမှာ သေသွားတာတောင် လူအသိမခံရဲဘဲ တိမ်မြုပ်ပျောက်ကွယ်သွားတဲ့ သာမန်လူငယ် ဘယ်လောက်တောင်များနေပြီလဲဆိုတာကိုပါ။

“ကိုယ်ဝန်သည်ပါမချန် မကြုံစဖူးသတ်ဖြတ်မှုတွေ ဖြစ်ပွားတဲ့အခြေအနေ”

“နိုင်ငံမှာ မကြားဖူး မတွေ့ဖူးတဲ့ အကြမ်းဖက်မှုတွေ သတ်ဖြတ်မှုတွေ ကလေးသူငယ်သတ်တာတွေ၊ အမျိုးသမီးငယ်တွေ တချို့ဆိုရင် ကိုယ်ဝန်ဆောင်ထားရတဲ့ မိခင်လောင်းတွေ ဒီလိုပုဂ္ဂိုလ်တွေ သတ်တယ်ဆိုတာ မကြားဖူးသလောက်ပါပဲ။ ကျွန်တော်တို့လူမျိုးတွေ ဒီလောက်မရိုင်းဘူးလို့ ကျွန်တော်ထင်တယ်။ မကြားဖူးသလောက်ပါပဲ။ Facebook ဖတ်လို့ကတော့ အမှားတွေ တွေ့မှာပေါ့။ တကယ့်မြေပြင်မှာတော့ ဒီလိုတွေလုပ်နေတယ်။ အောက်ခြေမှာ ဒီလိုအခြေအနေတွေဖြစ်နေတယ် ” လို့ USDP ဥက္ကဋ္ဌ ဦးခင်ရီက ဖွင့်ဟလာပါတယ်။

NLD ပါတီ ဖြုတ်ချခံရအပြီး အဝေးရောက်အစိုးရဖွဲ့ လက်နက်ကိုင်ကြချိန် နွေဦးတော်လှန်ရေးမှာ အများဆုံးအသတ်ခံရတာက USDP ပါတီဝင်တွေပါ။ ဒါကြောင့်လည်း ဦးခင်ရီက ရင်ဖွင့်လာတာဖြစ်သလို လက်တွေ့မြေပြင်မှာဆိုရင်လည်း ကျောင်းဆရာ၊ ဆရာမတွေ၊ ကလေးသူငယ်တွေကအစ “သူလျှို၊ ဒလန်၊ နစကယန္တရားလည်ပတ်အောင် လုပ်ပေးသူ”ဆိုတဲ့ NUG နဲ့ PDF တွေရဲ့ စွပ်စွဲချက်မှာ အကျုံးဝင်နေပြီး လူဦးရေ ၆၃၀၀ ကျော် သတ်ဖြတ်ခံထားရတာပါ။ ဒီအထဲမှာ ကျောင်းတက်နေတဲ့ ဆရာ၊ ဆရာမတွေ။ ကလေးသူငယ်တွေ၊ သံဃာတော်တွေ၊ နိုင်ငံ့ဝန်ထမ်းတွေ၊ ရပ်ကျေးတွေ ပါဝင်နေတာပါ။ ပြီးခဲ့တဲ့ ဩဂုတ် ၁၀ ရက်ကလည်း မုံရွာမှာ မွေးဖွားလုနီး ကိုယ်ဝန်ဆောင်သည် မအေးငြိမ်းသူကို Monywa Force PDF အဖွဲ့က ဓားပြတိုက်ရင်း သတ်ဖြတ်လိုက်မှုဖြစ်ခဲ့ပြီး ဒီလို ကိုယ်ဝန်သည်မရှောင် လုယက်သတ်ဖြတ်တဲ့ PDF တွေကို မုံရွာပကဖက အဖမ်းပြခဲ့ပေမဲ့ တကယ်အရေးယူမယူဆိုတာ ဆက်လက်ထုတ်ပြန်မှုမရှိတော့ပါဘူး။ ဒီလိုပါပဲ NUG ဩဇာခံဖြစ်တဲ့ မြင်းခြံခရိုင် တပ်ရင်း (၅) PDF တွေဖြစ်တဲ့ MG6 ပြောက်ကျားတပ်ရဲ့ လူသတ်လုယက်မှု ၁၀၀ ကျော်ကျုးလွန်ထားတာ၊ ချောင်းဦးပကဖလေးဦးက အမျိုးသမီးနဲ့ ကလေးငယ် ၇ ဦးကို မုဒိမ်းလူသတ်မှုကျုးလွန်ခဲ့တာကို ဖမ်းပြီးမှ ပြန်လွှတ်ပေးတာ၊ ဆော PDF ၈ ယောက်က အသက် ၂၂ နှစ်အရွယ် အမျိုးသမီးငယ်ကို အကြိမ်ကြိမ်အုပ်စုဖွဲ မုဒိမ်းကျင့်တာ၊ ကာမနှောင့်ယှက်မှုတွေနဲ့ လူသတ်မှု ၂၀ ကျော် ကျုးလွန်ထားတဲ့ ယော PDF ဧကရာဇ်မုန်တိုင်းအဖွဲ့၊ ရန်ကုန်တက္ကသိုလ်က CDM တွဲဘက်ပါမောက္ခရဲ့ ငါးနှစ်အရွယ် သမီးငယ်ကို သက်ငယ်မုဒိမ်းပြုကျင့်တဲ့ NLD ပါတီအတွင်းရေးမှူး အောင်မင်းကို NUG က ထိုင်းနိုင်ငံအထိ သွားရောက် ဖမ်းဆီးပြီးမှ ပြန်လွှတ်ပေးလိုက်တာ စတာတွေအပြင် NUG ဝန်ကြီးတွေရဲ့ လိင်ကိစ္စအရှုပ်တော်ပုံနဲ့ တခြားသော လူသတ်မုဒိမ်းမှုတွေလည်း အများကြီးကျုးလွန်နေကြတာ တွေ့လာနေရတာပါ။

“စာမတတ်သူတွေကြောင့် ဖြစ်နေရတဲ့ အကြမ်းဖက်မှုဂယက်”

၂၀၁၄ လူဦးရေ သန်းခေါင်စာရင်းအရ မူလတန်းပညာရေးကို ဆုံးခန်းတိုင်အောင် မသင်ကြားခဲ့ရတဲ့ ကလေးပေါင်း ၂ ဒသမ ၇ သန်းခန့်ရှိပြီး၊ အသက် ၁၅ နှစ်အထက် စာမတတ်သူပေါင်း ၃ ဒသမ ၅၅ သန်းခန့် ရှိနေတယ်လို့ ထုတ်ပြန်ထားသလို၂၀၁၉ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းအရ နိုင်ငံအတွင်း အသက် ၁၅ နှစ်အထက် စာမတတ်သူကလည်း ၄ ဒသမ ၁ သန်းခန့်ရှိတယ်လို့ SAC ဒုဥက္ကဋ္ဌက ဖွင့်ဟလာတဲ့အပြင် နိုင်ငံတစ်ဝန်းမှာ ဖြစ်ပွားနေတဲ့အကြမ်းဖက်မှုတွေကလည်း ဒီလိုမျိုး စာမတတ်သူ ၄ သန်းကျော်ရဲ့ အကျိုးဆက်လို့လည်း ပြောခဲ့ပါသေးတယ်။ ဒါ့အပြင် ကမ္ဘာတစ်ဝန်းက နိုင်ငံရေးဆိုင်ရာအကြမ်းဖက်ဆောင်ရွက်မှုတွေကို လေ့လာမှုသုတေသနပြုတဲ့ Armed Conflict Location and Event Data Project (ACLED) ရဲ့ စစ်တမ်းအရ အကြမ်းဖက်ပဋိပက္ခဒဏ်အများဆုံးခံရတဲ့ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံက အလွန်မြင့်မားသောအဆင့်နဲ့ ထိပ်ဆုံးမှာရှိနေပြီး နောက်မှာတော့ ဆီးရီးယားနဲ့ မက္ကဆီကိုတို့ပဲ ကျန်တော့တဲ့အဆင့်ပါ။

အစိုးရတစ်ရပ်အပေါ် မကျေနပ်ချက်နဲ့ လက်နက်ကိုင်မယ်ဆိုပေမဲ့ လက်နက်ကိုင်အချင်းချင်း ထိပ်တိုက်မပစ်ရဲကြသေးချိန်မှာ လူထုကြားဗုံးခွဲတာ၊ သာမန်ပြည်သူတွေ NLD ပါတီ မထောက်ခံသူတွေ၊ ကြားနေသူတွေကို စွပ်စွဲပြစ်တင်ရှုတ်ချပြီး Social Punishment လုပ်တာ၊ ဆရာ၊ ဆရာမတွေ၊ ကျောင်းတက်တဲ့ ကလေးသူငယ်တွေ၊ သံဃာတော်တွေ၊ နိုင်ငံ့ဝန်ထမ်းတွေ၊ ရပ်ကျေးတွေကို “သူလျှို၊ ဒလန်၊ နစကယန္တရားလည်ပတ်အောင် လုပ်ပေးသူ”ဆိုပြီး လိုက်လံသတ်ဖြတ်တာတွေဟာ တော်လှန်ရေးဆိုတဲ့အမည်ကို ပုံပျက်စေခဲ့သလို ဒီလိုအကြမ်းဖက်မှုကြောင့်ပဲ NUG ကို ဘယ်နိုင်ငံကမှ အသိအမှတ်မပြုတော့တဲ့အဆင့်ကို ရောက်ခဲ့တာပါ။

တစ်ဖက်မှာလည်း နွေဦးတော်လှန်ရေးအစ မြန်မာ့လူဦးရေ ၅၄ သန်းလောက်မှာ သန်း ၂၀ လောက်ပါဝင်ဆန္ဒပြတာမျိုး ရှိခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ ပါဝင်ပတ်သက်နေသူတွေဟာ ၁ သန်းမပြည့်တော့တဲ့အခြေအနေပါ။ အခြားတစ်ဖက်မှာလည်း ပြည်သူကြား သတ်ဖြတ်ဗုံးခွဲသူတွေ ဖမ်းမိတိုင်း အသိဉာဏ်မပြည့်စုံတဲ့ လူငယ်တွေ၊ အခြေခံလုပ်သားတွေ စတဲ့ ကိုယ်ပိုင်တွေးခေါ်ဆင်ခြင်နိုင်စွမ်းမရှိသူတွေက အများစုဖြစ်နေတဲ့ အခြေအနေတွေ တွေ့ရပြီး စာနည်းနည်းတတ်သူတွေက ပြည်ပမှာ ခိုလှုံပြီး ပြည်တွင်းက စာမတတ်သူတွေကို ငွေကြေးတွေ၊ သေနတ်တွေပေးပြီး မြှောက်ပင့်ခိုင်းစေကြတဲ့အခြေအနေမျိုးလည်း တွေ့ရတာပါ။ ဒါကြောင့်လည်း ဒီလိုအကြမ်းဖက်မှုတွေ ဆက်ဖြစ်နေရသလို အနာဂတ်မှာ ဒီလိုမျိုးတွေ မဖြစ်ဖို့တော့ လူငယ်တွေ စာတတ်ဖို့အပြင်၊ လက်ရှိအကျပ်အတည်းမှာ ဘက်ပေါင်းစုံကလူတွေရဲ့ အပြစ်တွေ၊ ကျုးလွန်မှုတွေ လူတိုင်းသိရှိဆင်ခြင်ဖို့၊ နိုင်ငံနဲ့ပြည်သူတွေအတွက် ထွက်ပေါက်ဖြစ်လာမဲ့ ရွေးကောက်ပွဲ အမှန်တကယ်ဖြစ်လာပြီး ရွေးကောက်ခံအစိုးရကို အာဏာလွှဲပြောင်းပေးဖို့ စတာတွေကိုလည်း အဆောတလျဉ်လုပ်ဖို့လိုအပ်ပါတယ်လို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါရစေ။

Leave a Reply

Your email address will not be published. Required fields are marked *