၂၀. ၉. ၂၀၂၃
Written by Pan Ei

ဆော်ဒီအာရေဗျကလပ်အသင်းတစ်သင်းဖြစ်တဲ့ အယ်နာဆာအသင်းဟာ အင်္ဂါနေ့ (စက်တင်ဘာ ၁၉ ရက်) ညက ပါလီပိုလစ်အသင်းနဲ့ အီရန်နိုင်ငံမှာ အာရှချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ကစားခဲ့ရာ အဲ့ဒီပွဲစဉ်မှာ အယ်နာဆာအသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီးနောက် ကမ္ဘာ့ဘောလုံး ကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်ဒိုဟာ ကစားသမားဘဝအတွင်း ရှုံးပွဲမရှိတဲ့ ပွဲပေါင်း ၁၀၀၀ ပြည့်တဲ့ စံချိန်ကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာ သူ့ရဲ့ကစားသမားဘ၀မှာ ၇၇၆ ပွဲအနိုင်ရခဲ့ပြီး ၂၂၄ ပွဲမှာ သရေကျခဲ့ပါတယ်။ အဲဒါဟာ ထူးခြားတဲ့ မှတ်တမ်းတစ်ခုဖြစ်ပြ်ီး ခုလို ရှုံးပွဲမရှိတဲ့ ပွဲ ၁၀၀၀ ဆိုတဲ့ စံချိန်ကိုတော့ ရော်နယ်ဒိုကလွဲပြီး တခြားဘောလုံးသမားတွေ စံချိန်တင်ထားနိုင်ခဲ့ဖူးခြင်းမရှိသေးပါဘူး။

Ballon d’Or ဆု ၅ ကြိမ် ဆွတ်ခူးထားပြီး ချန်ပီယံလိဂ် ဖလား ၅ ကြိမ် ရရှိထားခဲ့တဲ့ ရော်နယ်ဒိုဟာ မနေ့ကပွဲမှာ ဂိုးသွင်းနိုင်ခဲ့ခြင်းတော့မရှိပေမဲ့ အသင်းကို အနိုင်ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ကာ AFC ချန်ပီယံလိဂ်ဖလားအုပ်စု E မှာ အဖွင့် ၃ မှတ်နဲ့ အယ်နာဆာအသင်းကို အုပ်စုထိပ်ဆုံးမှာ ဦးဆောင်ထားစေနိုင်ခဲ့ပါတယ်။

မနေ့ကပွဲမှာ ထူးခြားချက်အနေနဲ့ ပရိသတ်မပါဘဲ ကစားခဲ့ရခြင်းမှာ အရင်က အိန္ဒိယနဲ့ ပွဲတစ်ခုတွင်း အိန္ဒိယက ပရိသတ်တွေရဲ့ ခံစားချက်ကို ထိခိုက်စေတဲ့ စာသားတွေ ပါလီပိုလစ်အသင်းပရိသတ်တွေက လူမှုကွန်ရက်တွေပေါ် တင်ခဲ့ကြတာကြောင့် ပါလီပိုလစ် ပရိသတ်တွေအတွက် အာရှဘောလုံးအဖွဲ့ချုပ် (AFC) က တစ်ပွဲပယ်ပြစ်ဒဏ်ကို ချမှတ်ခဲ့လို့ပဲဖြစ်ပါတယ်။

၂၀၂၃ – ၂၀၂၄ ခုနှစ်အတွက် AFC ချန်ပီယံလိဂ်ဖလားမှာ လက်ရှိ အုပ်စု ၁၀ ခု ယှဉ်ပြိုင်ကစားနေပြီး ပွဲစဉ်တွေကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်က စတင်ခဲ့ခြင်းဖြစ်ကာ ၂၀၂၄ ခုနှစ် မေလ ၁၈ ရက်မှာ ဖိုင်နယ်ပွဲစဉ်နဲ့အတူ ပြီးဆုံးမှာဖြစ်ပါတယ်။

Ref; AFP

Leave a Reply

Your email address will not be published. Required fields are marked *