ဓာတ်ပုံ-မေတ္တာလေညှင်းပရဟိတ

၁. ၉. ၂၀၂၃
Written by Hey Mar

အမျိုးသမီးတစ်ဦးတည်း မောင်းနှင်စီးနင်းလာတဲ့ ဆိုင်ကယ်က ကုန်တင်တွဲကားကို ကျော်တက်ချိန် အဲဒီ့တွဲကားရှေ့ကနေမောင်းနှင်နေတဲ့ ခရီးသည်ယာဥ်အနောက်ပိုင်းကို အရှိန်နဲ့ ဝင်ရောက်တိုက်မိတာကြောင့် ဆိုင်ကယ်မောင်းနှင်သူ သေဆုံးခဲ့တဲ့ဖြစ်စဥ် သြဂုတ် ၃၁ ရက် နေ့လည်ပိုင်းက မို့ညှင်းမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်မှာ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ညောင်ကိုင်းကျေးရွာ၊ သာယာကုန်း ကုန်းတက်ကွေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဆိုင်ကယ်စီးနင်းလာသူ သေဆုံးသူအမျိုးသမီးငယ်ဟာ အသက်၂၃ နှစ်အရွယ်လို့ သိရပါတယ်။ ခရီးသည်တင် Express ယာဥ်နောက်ပိုင်းကို ဝင်ရောက်တိုက်မိပြီး ဆိုင်ကယ်လဲကျကာ လမ်းနဲ့ ဦးခေါင်းဆောင့်မိပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်တာကြောင့် နေရာတင်သေဆုံးခဲ့တယ်လို့ မေတ္တာလေညှင်း လူမှုကူညီရေးအသင်းက သိရပါတယ်။

“လဲတဲ့ အရှိန်က ပြင်းတယ်။ ကုန်းအတက်မှာတော့ သူ့ရှေ့က တွဲကားပဲ သူမြင်ရတာ။ ရှေ့မှာက ကုန်းအဆင်းကွေ့။ အဲ့ဒါကို ကျော်ချလိုက်တော့ ရှေ့ကားကို အရှိန်နဲ့ တိုက်မိတာ။ တိုက်တာရော လဲတာရော ပြင်းတယ်။ ဆိုင်စီးဦးထုပ်ပါ ကွဲသွားတာ”လို့ မေတ္တာလေညှင်းလူမှုကူညီရေးအသင်း တာဝန်ရှိသူက ဆိုပါတယ်။

သေဆုံးသူရဲ့အမည်၊ နေရပ်လိပ်စာ မိသားစုဝင်တွေ သိရှိဖို့အတွက် သက်ဆိုင်ရာနဲ့ ပရဟိတ အဖွဲ့တွေက ပူးပေါင်းကူညီစုံစမ်းပေးနေပြီး ရုပ်အလောင်းကိုတော့ မေတ္တာလေးညှင်း လူမှုကူညီရေးအသင်းယာဥ်နဲ့ မိုးညှင်းပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *