၃၀. ၈. ၂၀၂၃

Written by Nyein Kyaw

ပြည်တွင်းရှိ အချို့သော INGO နှင့် NGO အဖွဲ့များအား ၎င်းတို့ကို ကူညီပေးနေသည့် အဖွဲ့အစည်း၊ နိုင်ငံများက အသုံးချနေမှုများရှိနေ၍ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် စနစ်တကျ ကြပ်မတ်ထိန်းသိမ်း ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၃) တွင် ပြောကြားခဲ့သည်။

INGO နှင့် NGO အဖွဲ့များကိုလည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ဆောင်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် စနစ်တကျကြပ်မတ်ထိန်းသိမ်း ဆောင်ရွက်ရန်လိုကြောင်း၊ အချို့သော ပြည်ပအကူအညီများသည် INGO၊ NGO များမှတစ်ဆင့် မျှဝေ ဆောင်ရွက်ခြင်းဖြစ်ပြီး ၎င်းတို့ကို အကူအညီပေးနေသည့် အဖွဲ့အစည်း၊ နိုင်ငံများက အသုံးချနေမှုများရှိကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

နိုင်ငံနှင့်လူမျိုး၏ အမျိုးသားရေး စရိုက်လက္ခဏာများနှင့် အမျိုးသားစည်းလုံးညီညွတ်မှုကို ထိခိုက်စေမည့် လုပ်ဆောင်မှုများ၊ ရေးသားထုတ်ဝေမှုများ၊ ထုတ်လွှင့်မှုများ မရှိစေရေးအတွက်လည်း စာပေ၊ ဂီတ၊ ရုပ်ရှင်နှင့် လူမှုကွန်ရက် စသည့်နယ်ပယ်များအလိုက် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း SAC ဥက္ကဋ္ဌ ပြောကြားသည်။

ထို့ပြင် SAC အစိုးရအဖွဲ့အနေဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ အောင်မြင်မှုရှိစေရေး၊ တိုင်းပြည်ကောင်းစေရေးကို အလေးထား ဆောင်ရွက်ကြရန်လိုအပ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News