၃၀. ၈. ၂၀၂၃

Written by Peya

နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့(NSPNC)နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ (၅)ဖွဲ့(ALP ၊ DKBA ၊ KNU/KNLA-PC ၊ LDU၊ PNLO)၏ ကိုယ်စားလှယ်အဖွဲ့တို့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့ ဩဂုတ် ၃၀ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ဆက်လက်ကျင်းပသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များ၊ ရခိုင်ပြည်လွတ်မြောက် ရေးပါတီ (ALP)မှ ဥက္ကဋ္ဌ စောမြရာဇာလင်း၊ KNU/ KNLA ငြိမ်းချမ်းရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ဒုတိယဥက္ကဋ္ဌ ကျာဖူး၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဥက္ကဋ္ဌ ခွန်သူရိန်၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)မှ စစ်ကွပ်ကဲရေးမှူးအဆင့်ရှိ စောဘညိမ်းအောင်တို့ ဦးဆောင်သည့် ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်များ တက်ရောက်ကြခြင်း ဖြစ်သည်။

ဆွေးနွေးပွဲတွင် ပဋိက္ခခံစားနေရသော ဒေသများရှိ တိုက်ပွဲရှောင်နှင့် ဒေသခံ ပြည်သူလူထုအတွက် လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီ ပေးရေး လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် NCA လက်မှတ်ရေးထိုးထားသော သက်ဆိုင်ရာနယ်မြေများမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရေးကိစ္စ၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရာတွင် EAO များ ကိုယ်တိုင် လက်တွေ့ကျကျ ပါဝင်ဆောင်ရွက်နိုင်ရေးကိစ္စ၊ နိုင်ငံရေးနယ်ပယ်တွင် ဒေသအလိုက် EAO များ၏ ဦးဆောင်မှုကို မြှင့်တင်ရေးကိစ္စနှင့် NCA ၈ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို နိုင်ငံရေးအဓိပ္ပာယ် ပြည့်ဝစွာ ကျင်းပနိုင်ရေး ကိစ္စတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် တက်ရောက်လာကြသူများက မိမိတို့၏ သဘောများကို အပြန်အလှန် ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်း၍ ဒုတိယနေ့ တွေ့ဆုံ ဆွေးနွေးပွဲကို ရပ်နားခဲ့ပြီး တတိယနေ့ ဆွေးနွေးပွဲကို ဩဂုတ် ၃၁ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကာ နှစ်ဖက် တူညီသည့် သဘောထားများကို သဘောတူညီချက်များအဖြစ် လက်မှတ်ရေးထိုးသွားမည် ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News