၃၀. ၈. ၂၀၂၃

Written by Peya

လားရှိုးမြို့က Luxury Lounge ဟိုတယ်တွင် အမျိုးသားတစ်ဦးထားခဲ့သည့် အိတ်တွင်းက လက်လုပ်မိုင်း ပေါက်ကွဲရာ ဝန်ထမ်းအမျိုးသား ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရပြီး ပျက်စီးမှု အချို့ဖြစ်သွားခဲ့ကြောင်း လားရှိုးမြို့ခံတစ်ဦးက MT News သတင်းဌာန၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

အဆိုပါ ဖြစ်စဉ်မှာ ဩဂုတ် ၂၉ ရက် ညနေပိုင်း ၄ နာရီကျော် အချိန်က လားရှိုးမြို့၊ ရပ်ကွက် ၈ ရှိ Luxury Lounge ဟိုတယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဘယ်သူဘယ်ဝါမှန်း မသိရသေးတဲ့ အမျိုးသား ၂ ယောက် က ဆိုင်ကယ်နဲ့ လာပြီး တစ်ယောက်က ဟိုတယ်ထဲ ဝင်တယ်။ အခန်းငှားမယ် ပြောပြီးတော့ သူ့အိတ်အနက်ကို ထားခဲ့တာ။ အဲ့ဒီလို ထွက်သွားပြီးတော့ ပေါက်တာပဲ။ ပေါက်ကွဲသံ ကျယ်တယ်။ အိတ်အနက်ရောင်ကို ဧည့်ကြိုကောင်တာရှေ့မှာ မေ့ကျန်သလိုလို လုပ်ပြီးထားခဲ့တာလို့ သိရတယ်” ဟု အခင်းဖြစ်ချိန်တွင် ပေါက်ကွဲသံကို ကြားလိုက်ရသူ အထက်ပါ မြို့ခံက ဆိုသည်။

ထိုသို့ ပေါက်ကွဲခဲ့သည့်အတွက် လူငယ်ပိုင်းအရွယ် အမျိုးသား ၂ ဦးမှာ မစိုးရိမ်ရ ဒဏ်ရာရခဲ့ပြီး ဟိုတယ်တွင်လည်း ထိခိုက်ပျက်စီးမှုအချို့ ဖြစ်ခဲ့ကြောင်း သိရသည်။

“ဒဏ်ရာရသွားတဲ့ နှစ်ယောက်ကတော့ ကောင်တာနောက်ခံသွားလို့ သက်သာတယ် ထင်တယ်။ ကျွန်တော်ကြားရတာ ပြောတာပါ။ ဟိုတယ် အရှေ့ဝင်ပေါက်က မှန်တွေ ကွဲသွားတယ်။ ဒါကိုတော့ ကျွန်တော်ကိုယ်တိုင် မြင်ခဲ့တာပါ” ဟု အထက်ပါ ဒေသခံ က ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News