ဓာတ်ပုံ -မဏီစလ လူမှုကူညီရေးအသင်း

၃၀. ၈ .၂၀၂၃
Written by Hey Mar

မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ 84လမ်း/ 33-82 လမ်းကြားမှာ ဒီနေ့ သြဂုတ် ၃၀ ရက် မနက်ပိုင်းက ဖုန်းလုယက်မှုကျူးလွန်သူတွေကို အနီးအနားက ပြည်သူတွေ ဝိုင်းဝန်းဖမ်းဆီးပေးခဲ့တာကြောင့် နှစ်ဦးဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

လမ်းလျှောက်လာသူ အမျိုးသမီးတစ်ဦးထံကနေ လုယက်သူ ၃ ဦးက ဓားထောက်လုယက်ခဲ့တာကို အနီးအနားက တာဝန်သိပြည်သူတစ်ဦးက အော်ဟစ်မှုကြောင့် အခြားရပ်ကွက်နေပြည်သူတွေကပါ ဝိုင်းဝန်းရိုက်နှက် ထိုးကြိတ်ကာ ဖမ်းဆီးပေးခဲ့တာလို့ မဏီစလ လူမှုကူညီရေးအသင်းကနေ သိရပါတယ်။

“မဏီစလအသင်းကို သက်ဆိုင်ရာရဲတပ်ဖွဲ့က ဖုန်းဆက်အကူအညီတောင်းလာတာ။ လုယက်မှုကျူးလွန်သူတွေကို အများပြည်သူတွေ ရိုက်နှက်ဖမ်းဆီးပေးထားလို့ ဒဏ်ရာတွေရနေတယ်ဆိုလို့ လူနာတင်ကားနဲ့ မန္တလေး ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနကို ပို့ဆောင်ကူညီဆောင်ရွက်ပေးခဲ့တာပါ”လို့ မဏီစလလူမှုကူညီရေးအသင်းက MT News ကို ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၈ ရက် ညဦးပိုင်းကလည်း ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြိုနယ်၊ စမ်းချောင်းဗဟိုလမ်းမပေါ်မှာ လူငယ် ၂ ဦးက အမျိုးသမီးငယ်တစ်ဦးကို လုယက်ဖို့ ကြိုးပမ်းရာမှာလည်း စမ်းချောင်းအရံမီးသတ်အပါအဝင် အများပြည်သူက ဝိုင်းဝန်းဖမ်းဆီးပေးခဲ့ကာ ရဲလက်အပ်ပေးလိုက်တဲ့ ဖြစ်စဥ်လည်း ရှိခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *