သတ်မှတ်ဈေးနှုန်းထက် ဈေးတင်ရောင်းသူများကိုလည်း ဖမ်းဆီးအရေးယူနေဟု သတင်းများထွက်ပေါ်

၃၁. ၈. ၂၀၂၃
Written by Ye Kyaw

ရက်ပိုင်းအတွင်း စားအုန်းဆီဈေးနှုန်းများ သိသာစွာကျဆင်းစေရေး ဆောင်ရွက်မည်ဖြစ်၍ ပူးပေါင်းပါဝင်ကြရန်နှင့် ဝန်ကြီးဌာနအနေဖြင့်လည်း စားသုံးဆီ ဖြန့်ဖြူးမှုနှင့်ပတ်သက်၍ လိုအပ်သည့်အစီအမံများ ချမှတ်ကာ ကြပ်မတ်သွားမည်ဖြစ်သည့်အတွက် ပူးပေါင်းဆောင်ရွက်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ဩဂုတ်လ ၃၀ ရက်တွင် ပြုလုပ်သည့် ပြည်တွင်းစားသုံးဆီဈေးနှုန်း တည်ငြိမ်ကျဆင်းစေရေး ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။

နိုင်ငံတော်အနေဖြင့် စားအုန်းဆီကိုပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် စားသုံးဆီတင်သွင်းရာတွင် ဝယ်ယူကုန်ကျသည့် နိုင်ငံခြားငွေ၏ ၅၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်ရည်ညွှန်းငွေလဲလှယ်နှုန်းဖြင့် လည်းကောင်း၊ ကျန် ၅၀ ရာခိုင်နှုန်းကို ပြင်ပဈေးထက်သက်သာသည့် နိုင်ငံခြားငွေလဲလှယ်မှုနှုန်းထားဖြင့်လည်းကောင်း ပံ့ပိုးဆောင်ရွက်ပေးထားကြောင်း ဦးအောင်နိုင်ဦးက ပြောကြားသည်။

ထို့အပြင် ဝယ်ယူတင်သွင်းသူများ ငွေကြေးအခက်အခဲ မပေါ်ပေါက်စေရေးအတွက် ဗဟိုဘဏ်က သီးခြားအစီအစဉ်ဖြင့်လည်း ထောက်ကူပေးထားပြီး ဖြစ်သင့်ဖြစ်ထိုက်သည့် စားအုန်းဆီ အခြေခံရည်ညွှန်းဈေးကိုလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အပတ်စဉ် ပုံမှန်တွက်ချက် ထုတ်ပြန်ပေးလျက်ရှိသည်။

စားသုံးသူဈေးကွက်တွင် စားအုန်းဆီဈေးနှုန်းများမှာ ဖြစ်သင့်ဖြစ်ထိုက်သည်ထက် များစွာမြင့်တက်နေပြီး နိုင်ငံတော်အကြီးအကဲ၏ စေတနာဖြင့်ဆောင်ရွက်ပေးသည့် အစီအစဉ်ကို စားသုံးသူပြည်သူများ ခံစားရခြင်းမရှိသည်ကို တွေ့ရှိရသလို စားအုန်းဆီဈေးများမြင့်တက်နေမှုနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးအနေဖြင့် ဇူလိုင် ၁ ရက်က ရန်ကုန်မြို့တွင် လုပ်ငန်းရှင်များအားခေါ်ယူတွေ့ဆုံ၍ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့်ရောင်းချရေး သတိပေးပြောကြားခဲ့ပြီး ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားသည်။

ထိုသို့ ပြည်တွင်းစားသုံးဆီဈေးနှုန်း တည်ငြိမ်ကျဆင်းစေရေး ညှိနှိုင်းအစည်းအဝေး ဆွေးနွေးပွဲလုပ်သည့်နေ့တွင်ပင် စားအုန်းဆီဈေးကစားမှုများပြုလုပ်ပြီး စားအုန်းဆီကို မတရားစျေးတင်ရောင်းချနေသော စားအုန်းဆီအသင်းဥက္ကဋ္ဌနှင့် တင်သွင်းခွင့်ပါမစ်ရ ဆီကုန်သည်များကို သြဂုတ်လ ၃၀ ရက် ညနေပိုင်းတွင် ဖမ်းဆီးသွားကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

People Media အပါအဝင် သတင်းမီဒီယာများတွင် ဖော်ပြချက်အရ ခေါ်ယူစစ်ဆေးခံနေရသူများမှာ ဆီကုန်သည်အသင်းဥက္ကဋ္ဌ ဦဆန်းလင်း၊ ပြည်ပမှ စားအုန်းဆီ တင်သွင်းခွင့် ရရှိထားသည့် လုပ်ငန်းရှင်များ ဖြစ်သော ဦးမြင့်ကြူ၊ ဦးထွန်းထွန်းဝင်း၊ ဦးဝမ်ထိုက်၊ ဦးအေးစိန်တို့ကို တာဝန်ရှိသူများက သီးခြား ခေါ်ယူ စစ်ဆေးလျက်ရှိသည်ဟုလည်း သိရသည်။

“အဲဒါတော့ ကျွန်တော်လည်း အစ်ကိုတို့ကြားသလောက်ပဲ ကြားတယ်။ အစ်ကိုတို့တောင်မှ ပိုပြီးကျွန်တော့်ထက် ကြားရင်ကြားပါဦးမယ်” မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးလှိုင်မျိုးက ပြောသည်။

နိုင်ငံတော်မှ အခြေခံလူတန်းစားများ စားအုန်းဆီကို သက်သာစွာဝယ်ယူနိုင်ရန် တစ်ဒေါ်လာလျှင် ကျပ် ၂၉၀၀ ဝန်းကျင်ဖြင့် ရောင်းချပေးခြင်း၊ နေ့စဥ် စားအုန်းဆီရည်ညွှန်းစျေး သတ်မှတ်ပေးသော်လည်း ဆီကုန်သည်များသည် ဆီပေပါ ၂၀ ခန့်ကိုသာ ရည်ညွှန်းစျေးဖြင့် ရောင်းချလျက်ရှိပြီး အများစုကို ရည်ညွှန်းစျေးထက် တစ်ပိသာလျှင် ကျပ် ၃၀၀၀ အထက် စျေးတင်ရောင်းချနေသဖြင့် လက်လီစျေးကွက်တွင် စားအုန်းဆီမှာ တစ်ပိသာကျပ် ၉၀၀၀ ဝန်းကျင်အထိ ဖြစ်ပေါ်နေသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အပတ်စဉ်တွက်ချက် ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးနှုန်းအရ စားအုန်းဆီအခြေခံလက်ကားဈေးနှုန်းသည် ပြီးခဲ့သည့် ဇွန်လနောက်ဆုံးအပတ်တွင် တစ်ပိဿာ ကျပ် ၃၈၆၀၊ ဇူလိုင်လအလယ်တွင် ကျပ် ၄၁၀၀၊ ဩဂုတ်လဆန်းပိုင်းတွင် တစ်ပိဿာ ၄၂၉၅ ကျပ်ဖြစ်ပြီး ယခုအပတ် ဩဂုတ်လ ၂၈ ရက်မှ စက်တင်ဘာလ ၃ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄၁၅၅ ကျပ်ဖြစ်သည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဩဂုတ်လ ၁၁ ရက်မှစ၍ သက်သာသော ဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချခဲ့ရာ ထည့်စရာဘူးမပါ (ပါကင်ပိတ်ဘူး)ဖြင့် တစ်ပိဿာ ကျပ် ၅၄၀၀ နှင့် ထည့်စရာဘူးပါလျှင် တစ်ပိဿာ ကျပ် ၄၄၀၀ ဖြင့် ရောင်းချပေးနေခြင်းဖြစ်သည်။

သို့သော် လက်လီဈေးကွက်တွင် စားအုန်းဆီဈေးနှုန်းသည် ငါးပိဿာဝယ်ယူလျှင် တစ်ပိဿာ ကျပ် ၈၀၀၀ ဖြစ်ပြီး တစ်ပိဿာစီဝယ်ယူပါက ကျပ် ၉၀၀၀ ဝန်းကျင်ကျသင့်ကြောင်း လက်လီဝယ်စားနေသူများထံမှ သိရသည်။

“အခုက စားအုန်းဆီက ငါးပိဿာပုံးနဲ့ဝယ်ရင် ၈၀၀၀ ဈေးနဲ့ရတယ်။ တစ်ပိဿာချင်းဆို ၉၀၀၀ လောက်ကျတယ်။ အသင်းတွေရောင်းပေးတာဆိုပြီး တချို့ဆိုင်တွေမှာရောင်းတာက တစ်ပိဿာ ၄၅၀၀ နဲ့ အဲဒါကတော့ တန်းစီရတယ်။ ပုစွန်နှစ်ကောင်တောင်မှ အခုသုံးပိဿာမပြည့်ဘူး။ ငါးလီတာဘူးက ၃၁၀၀၀ လောက်ဖြစ်နေတာ တစ်ပိဿာ ၁၁၀၀၀ ကျော်လောက်ဖြစ်နေပြီလေ။ နေကြာဆီကတော့ ငါးလီတာဘူးက ငါးသောင်းကျော်နေပြီ” ဟု တောင်ဒဂုံမြို့နယ်မှ အိမ်ရှင်မတစ်ဦးက ပြောသည်။

အစိုးရအဖွဲ့ဦးဆောင်မှုဖြင့် သက်သာသော ဈေးနှုန်းဖြင့် စားအုန်းဆီများ ထုတ်ရောင်းပေးနေသော်လည်း ပြည်တွင်း လက်လီဈေးကွက်တွင် စားအုန်းဆီဈေးနှုန်းများ ကျဆင်းလာခြင်းမရှိသည့်အပြင် ယခင်အမြင့်ဈေးနှုန်း တစ်ပိဿာ ကျပ် ၉၀၀၀ ဝန်းကျင်ဖြင့်သာ ဆက်လက်ရောင်းချနေခြင်းကြောင့် နိုင်ငံတော်အဆင့်သတိပေးမှုများ ဆောင်ရွက်ခဲ့ပြီးနောက် လိုက်နာမှုမရှိသူများကိုလည်း အရေးယူဆောင်ရွက်ရန် ဖမ်းဆီးထားကြောင်း သတင်းများထွက်ပေါ်နေခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *