၃၀.၈.၂၀၂၃
Written by Peya

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် သတိမေ့နေသော ရဟန်းတော်တစ်ပါးကို ခရီးသည်တင်ကားတစ်စီးက လမ်းဘေးတွင် ချထားခဲ့သည့် ဖြစ်စဉ်တစ်ခု ယနေ့ဖြစ်ပွားခဲ့ပြီး အဆိုပါသံဃာတော်၏ နေရပ်ကို စုံစမ်းမရသေးကြောင်း ဒေသခံများထံက သိရသည်။

ဖြစ်စဉ်မှာ ယနေ့ ဩဂုတ် ၃၀ ရက် နံနက်ပိုင်း ၁၁ နာရီအချိန်က ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာ၏ ဘုန်းတော်ကြီးကျောင်းရှေ့တွင် ခရီးသည်တင်ကားတစ်စီးက သက်တော် ၆၀ နှင့်အထက် အရွယ်ခန့်ရှိမည်ဟု ခန့်မှန်းရသော ရဟန်းတစ်ပါးကို ချထားခဲ့ခြင်းဖြစ်ကြောင်း ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးက MT News သတင်းဌာနကို ပြောသည်။

“ဆရာတော့်ကို ခရီးသည်တင်ကားပေါ်ကနေ သတိလစ်တဲ့ အနေအထားနဲ့ ချခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဆရာတော်ကို ပုဏ္ဏားကျွန်းပြည်သူ့ဆေးရုံကြီးမှာ အရေးပေါ်လူနာအဖြစ် တင်ထားတယ်။ ဘာကြောင့် ဖြစ်တယ်ဆိုတာလည်း မသိရသေးဘူး။ ပြင်ပဒဏ်ရာလည်း မရှိပါဘူး” ဟု အထက်ပါ မြို့ခံက ဆိုသည်။

အဆိုပါ ရဟန်းတော်၏ ဘွဲ့အမည်၊ နေရပ်နှင့် ဆက်သွယ်ရမည့် အချက်အလက်များကို ယခုထက်တိုင် ရရှိခြင်း မရှိသေးဘဲ ဆရာတော်မှာလည်း သတိရလာခြင်း မရှိသေးကြောင်း ဩဂုတ် ၃၀ ရက် မွန်းလွဲပိုင်း ၁၂ နာရီခွဲ အချိန်ခန့်တွင် အဆိုပါ မြို့ခံက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *