ဂါဘွန်နိုင်ငံ၏ အာဏာသိမ်းစစ်ခေါင်းဆောင်အုပ်စုအားတွေ့ရစဉ်

၃၀.၈.၂၀၂၃
Translated by Htwe Ko Tun

အာဖရိကတိုက်အလယ်ပိုင်းရှိ ဂါဘွန်နိုင်ငံတွင် ဩဂုတ် ၃၀ ရက် နံနက်အစောပိုင်း၌ စစ်တပ်က အာဏာသိမ်းမှုတစ်ရပ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဩဂုတ် ၃၀ ရက် နံနက်ပိုင်းတွင် စစ်ဘက်ခေါင်းဆောင်တစ်စုက Garbon 24 Television ရုပ်မြင်သံကြားလိုင်းမှ ဂါဘွန်စစ်တပ်အနေဖြင့် နိုင်ငံ၏အာဏာကိုရယူခဲ့ပြီဖြစ်ကြောင်း၊ ၎င်းတို့က ဂါဘွန်နိုင်ငံ၏ လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့များ အားလုံးကို ကိုယ်စားပြုကြောင်းလည်း ကြေညာသွားခဲ့ကြသည်။

အာဏာသိမ်းဂါဘွန်စစ်တပ်က ၎င်းတို့အနေဖြင့် ဩဂုတ်လ ၂၆ ရက်က ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲရလဒ်များကိုလည်း ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။ ထိုနေ့က ဂါဘွန်နိုင်ငံတွင် သမ္မတရွေးကောက်ပွဲ၊ အထွေထွေရွေးကောက်ပွဲများနှင့် အခြားဥပဒေပြုရွေးကောက်ပွဲများကို ကျင်းပခဲ့ခြင်းဖြစ်သည်။ အာဏာသိမ်းပြီးနောက် နယ်စပ်များအားလုံးကိုလည်း ပိတ်ထားခဲ့ကြောင်း သိရသည်။ ရုပ်မြင်သံကြားမှကြေညာချက်အပြီးတွင် မြို့တော် လီဘာဗီးလီး၌ ပစ်ခတ်သံများကိုလည်း ကြားနေခဲ့ရသည်။

အာဏာသိမ်းအုပ်စုက အသွင်ကူးပြောင်းရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဟုကြေညာခဲ့ကာ အစိုးရအဖွဲ့၊အထက်လွှတ်တော်၊ အောက်လွှတ်တော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးနှင် ရွေးကောက်ပွဲကော်မရှင်တို့ကိုပါ ဖျက်သိမ်းခဲ့သည်။

ဩဂုတ်လ ၂၆ ရက်ကကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတ အလီဘွန်ဂိုအပါအဝင် သမ္မတလောင်း ၁၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အလီဘွန်ဂိုက ထောက်ခံမဲ ၆၄ ဒသမ ၂၇ ရာခိုင်နှုန်းရရှိကာ သမ္မတအဖြစ် တတိယသက်တမ်းအတွက် အနိုင်ရရှိခဲ့သည်။ သို့သော် အတိုက်အခံများကမူ သမ္မတရွေးကောက်ပွဲအား မဲမသမာမှုရှိကြောင်း ရှုတ်ချပြောကြားခဲ့ကြသည်။ ရွေးကောက်ပွဲအပြီးကပင် အခြေအနေကတင်းမာခဲ့ကာ ရွေးကောက်ပွဲကော်မရှင်က အလီဘွန်ဂိုအား သမ္မတအဖြစ် တတိယသက်တမ်းအတွက် အနိုင်ရရှိကြောင်းကြေညာပြီးနောက်တွင် အာဏာသိမ်းမှုဖြစ်ပွားခြင်းဖြစ်သည်။

အာဏာသိမ်းမှုအောင်မြင်ခဲ့ပါက အာဖရိကအနောက်ပိုင်းနှင့် အလယ်ပိုင်းတွင် ၂၀၂၀ ပြည့်နှစ်မှစ၍ အာဏာသိမ်းမှု ရှစ်နိုင်ငံမြောက်ဖြစ်ပွားခြင်းဖြစ်သည်။ အာဖရိက၌ မာလီ၊ ဂီနီယာ၊ ဘာကီနာဖာဆို၊ ချတ်ဒ်နှင့် နိုင်ဂျားနိုင်ငံများတွင်လည်း အာဏာ သိမ်းမှုများဖြစ်ပွား၍ ဒီမိုကရေစီစနစ်ပြိုလဲခဲ့သည်။

Ref—-Reuters

Leave a Reply

Your email address will not be published. Required fields are marked *