၃၀. ၈. ၂၀၂၃
Written by Ye Kyaw

ပြည်ပတွင် အလုပ်လုပ်ကိုင်နေသည့် MoU မြန်မာအလုပ်သမားများ၏ မိသားစုလွှဲပို့ငွေကိစ္စနှင့် ပတ်သက်၍ ငွေလွှဲအများစုအား နှစ်နိုင်ငံဘဏ်များမှတစ်ဆင့် စနစ်တကျစီးဆင်းစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က ဩဂုတ်လ ၂၉ ရက်တွင် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF)မှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ထို့ပြင် သက်ဆိုင်ရာအေဂျင်စီများအနေဖြင့် စာချုပ်ချုပ်ဆိုပြီးသည့် အလုပ်သမားများကို ရက်ပေါင်း ၉၀ အတွင်း စေလွှတ်ရန်လိုအပ်ပြီး သတ်မှတ်ရက်အတွင်း စေလွှတ်နိုင်မှုမရှိလျှင် အလုပ်သမားများ၏ တိုင်ကြားမှုများဖြစ်ပေါ်လာနိုင်သဖြင့် အေဂျင်စီများက အလေးထားဆောင်ရွက်စေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ပြည်ပအလုပ်အကိုင်အကျိုးဆောင် အေဂျင်စီများအနေဖြင့် စေလွှတ်လိုက်သည့် အလုပ်သမားများ သက်ဆိုင်ရာနိုင်ငံရှိ လုပ်ငန်းခွင်များတွင် အလုပ်ရှင်၊ အလုပ်သမားမပြေလည်မှု၊ လုပ်ငန်းခွင်ထိခိုက် ဒဏ်ရာရရှိမှု/ သေဆုံးမှုဖြစ်စဉ်များနှင့်စပ်လျဉ်းပြီး ရက်ပေါင်း ၃၀ အတွင်း ဖြေရှင်းဆောင်ရွက်ရန်လည်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

အလုပ်သမားရေးရာကိစ္စရပ်များ၊ ပြဿနာများ၊ ထူးခြားဖြစ်စဉ်များ ပေါ်ပေါက်ပါက သက်ဆိုင်ရာသို့ သတင်းပို့၍ အချိန်နှင့်တစ်ပြေးညီ အလုပ်သမားသံအရာရှိများနှင့်အတူ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန်နှင့် မိမိတို့စေလွှတ်သည့်အလုပ်သမားများ စတင်ထွက်ခွာချိန်မှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်အထိ တာဝန်အပြည့်အဝရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်အထိ ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေသည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီ စုစုပေါင်း ၄၅၇ ခုနှင့် ထိုင်းလိုင်စင်ရအေဂျင်စီ ၁၅၀ ရှိကြောင်း၊ ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအား ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းများကို ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်းတို့တွင် ပို့ချလျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News