၂၉. ၈. ၂၀၂၃
Written by Nay Aung

လာအိုနှင့် မြန်မာနိုင်ငံကြား ချိတ်ဆက်ထားသည့် မဲခေါင်မြစ်ကူးတံတားဖြစ်သော လာအို-မြန်မာချစ်ကြည်ရေးတံတားကို ဖြတ်သန်းပြီး လာအိုနှင့် မြန်မာနိုင်ငံကြားကုန်စည်သယ်ယူပို့ဆောင်မှုများကို ပထမဆုံးအကြိမ်လုပ်ဆောင်တော့မည်ဖြစ်ကြောင်း သိရသည်။

မဲခေါင်မြစ်ကို ဖြတ်သန်းပြီးတည်ဆောက်ထားသော တံတားသည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်နှင့် လာအိုနိုင်ငံ Luang Namtha ဒေသကို ချိတ်ဆက်ထားခြင်းဖြစ်ပြီး၂၀၁၅ ခုနှစ်တွင် တံတားတည်ဆောက်မှု ပြီးစီးခဲ့သော်လည်း မြန်မာနိုင်ငံသားနှင့် လာအိုနိုင်ငံသားများကို ယာယီနယ်စပ်ဖြတ်သန်းခွင့်ဖြင့်သာ နယ်စပ်စစ်ဆေးရေးဂိတ်ကိုဖြတ်သန်းခွင့်ပေးခဲ့ကြောင်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-08-29_13-24-53-2.jpg

မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့သည် မဲခေါင်-လန်းချန်း ပူးပေါင်းဆောင်ရွက်မှုမူဘောင်အရ လာအို နှင့်မြန်မာနိုင်ငံကြား ကုန်စည်များသယ်ယူပို့ဆောင်နိုင်ရန်အတွက် ပြီးခဲ့သောရက်ပိုင်းတွင် နယ်စပ်ကုန်သွယ်ရေးစခန်းများဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မဲခေါင်မြစ်ကိုဖြတ်သန်းပြီး မြန်မာနိုင်ငံ နှင့် လာအိုနိုင်ငံကြား ကုန်စည်များ သယ်ယူပို့ဆောင်ခြင်းသည် နှစ်နိုင်ငံစလုံးအတွက် ပထမဆုံးအကြိမ်ဖြစ်သည်။ ယခင်တုန်းက တံတားတည်ဆောက်နိုင်ခြင်းမရှိသည့်အတွက် မဲခေါင်မြစ်ကို ဖြတ်သန်းရန် လှေများကို အသုံးပြုခဲ့ရကြောင်း သိရသည်။ မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံကြား ချိတ်ဆက်နိုင်ရန်အတွက် မဲခေါင်မြစ်ကိုဖြတ်သန်းကာ တံတားတည်ဆောက်နိုင်ခဲ့ခြင်းသည် နယ်စပ်ကုန်သွယ်ရေးကိုများစွာသက်ရောက်မှုများရှိလာဖွယ် ရှိနေသည်။

This image has an empty alt attribute; its file name is photo_2023-08-29_13-24-54.jpg

အဆိုပါလာအို-မြန်မာချစ်ကြည်ရေးတံတားသည် လာအိုနှင့် မြန်မာနိုင်ငံကြားပထမဆုံး ဆက်သွယ်သော တံတားဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၆ သန်းအကုန်ခံကာတည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ၊ လာအို၊ ထိုင်းနှင့် တရုတ်နိုင်ငံတို့ကိုစီးဆင်းနေသည့် မဲခေါင်မြစ်ကို ဖြတ်သန်းပြီး မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံကြား ချိတ်ဆက်မည့်တံတားတည်ရန် အစိုးရ နှစ်ရပ်ကြား ပူးတွဲသဘောတူညီမှုရရှိခဲ့ပြီးနောက် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်တည်ဆောက်ခဲ့ကြောင်း သိရသည်။

မြန်မာနှင့် လာအိုတို့ကိုချိတ်ဆက်မည့် မြစ်ကူးတံတားသည် အရှည် ၆၉၁ ဒသမ ၆၀ မီတာရှိပြီး အကျယ် ၁၀ ဒသမ ၉ မီတာ ရှိကာ အလေးချိန် ၇၅ တန် ကုန်ကားများဖြတ်သန်းနိုင်ကြောင်း သိရသည်။ ထို့အပြင် တံတားအောက်မှလည်း အလေးချိန် ၅၉၉ တန်ရှိ ကုန်စည်သင်္ဘောများ ဖြတ်သန်းခွင့်ပြုထားကြောင်း သိရသည်။မြစ်ကူးတံတားတည်ဆောက်ပြီးနောက် နှစ်နိုင်ငံကြား တံတားကိုဖြတ်သန်းပြီး ကုန်စည်ပို့ဆောင်ရန်အစီအစဉ်ရှိခဲ့သော်လည်း မြန်မာနိုင်ငံဘက်ခြမ်းတွင်အခက်အခဲများရှိနေသည့်အတွက် တံတားကိုဖြတ်သန်းကာ ကုန်စည်တင်ပို့ရန် ကြန့်ကြာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ref- —MGRonline

Leave a Reply

Your email address will not be published. Required fields are marked *