ထန်တလန်တိုက်ပွဲတွင် သေဆုံးခဲ့သော ချင်း PDF များ
၂၉. ၈. ၂၀၂၃
Written by Nay Moe
ထန်တလန်မြို့ရှိ တပ်စခန်းကို လူအင်အားရာချီဖြင့် သွားရောက်တိုက်ခိုက်သည့် ချင်း PDF တပ်ပေါင်းစုမှ အနည်းဆုံး ၁၁ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့သည်ဟု ကနဦးသတင်းများအရ သိရသည်။
ဒေသတွင်းသတင်းဖော်ပြချက်များအရ ချင်း PDF ပူးပေါင်းတပ်က အင်အား ၃၀၀ အထက်ဖြင့် ဩဂုတ် ၂၈ ရက် နံနက် ၈ နာရီမှစတင်ကာ ထန်တလန်မြို့ရှိ ခလရ ၂၆၉ တပ်ကို တစ်နေကုန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိုတိုက်ခိုက်မှုအပေါ် ခလရ ၂၆၉ ကလည်း လက်နက်ကြီးလက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်သည့်အပြင် လေကြောင်းတိုက်ခိုက်မှုပါပြုလုပ်ရာ ချင်း PDF တပ်ပေါင်းစုမှာ အလောင်းပင်မကောက်နိုင်ဘဲ ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

ထိုတိုက်ပွဲတွင် ချင်း PDF တပ်ဘက်မှ CNA-၅ ဦး၊ CDF Zophei- ၄ ဦး၊ CDF Thantlang- ၁ ဦးနှင့် CDF Hakha-Hakha ၁ ဦး သေဆုံးခဲ့သလို ဒဏ်ရာရသူများမှလည်း နှစ်ဦးထက်မနည်း ထပ်မံသေဆုံးခဲ့သည်ဟု သိရပြီး အများအပြားဒဏ်ရာရခဲ့သည်ဟု သိရသည်။
တယ်လီဂရန်ချန်နယ်များတွင် သတင်းဖော်ပြချက်များအရ တပ်ဘက်မှ ၁ ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရကာ သေဆုံး ချင်း PDF များထံမှ AK သေနတ် ၅ လက်၊ M16၊ M4 ၄ လက်၊ တွဲဗို့ ၁ လက်၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ ကျည်မျိုးစုံ ၁၀၀၀ ကျော်၊ လက်ပစ်ဗုံး ၂၅ လုံးနှင့် ကျည်ကာ ၁၁ ထည် သိမ်းမိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ MT News သတင်းဌာနအနေဖြင့် ထပ်မံစုံစမ်းနေပြီး အသေးစိတ်သိရသည်များ ဆက်လက်ဖော်ပြပေးမည်ဖြစ်သည်။
ပုံစာ။ ထန်တလန်တိုက်ပွဲတွင် သေဆုံးခဲ့သော ချင်း PDF များ။
Photo- Zofa Journal & Ko Thet









