၂၉. ၈. ၂၀၂၃
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စုမှာ ၂၀၂၄ ခုနှစ်အတွင်း ပြုလုပ်မယ့် သမ္မတရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်မယ်လို့ ပြောထားတဲ့ လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်အဖို့ သမ္မတအဖြစ် နောက်ထပ်လေးနှစ်တာဝန်ယူဖို့ရာက များစွာအသက်အရွယ်အိုမင်းနေပြီဖြစ်ကြောင်း AP-NORC လေ့လာရေးဗဟိုကပြုလုပ်တဲ့ ဆန္ဒ မဲစစ်တမ်းကောက်ယူမှုတစ်ခုမှာ ဖော်ပြခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါဆန္ဒမဲကောက်ယူမှုမှာ အမေရိကန်ပြည်ထောင်စုရဲ့ အရွယ်ရောက်ပြီး လူကြီးများအနက် ၇၇ ရာခိုင်နှုန်းကလာမဲ့ နိုဝင်ဘာလမှာ အသက် ၈၁ နှစ် ပြည့်‌တော့မည်ဖြစ်တဲ့ ဂျိုးဘိုင်ဒန် အနေနဲ့ သမ္မတအဖြစ် ဒုတိယသက်တမ်းလေးနှစ်ကို ထိရောက်စွာဆောင်ရွက်နိုင်စွမ်း ရှိတော့မှာမဟုတ်ဘူးလို့ ဆန္ဒမဲပေးခဲ့ကြပါတယ်။

အခုလို ဂျိုးဘိုင်ဒန် အနေနဲ့ သမ္မတအဖြစ် နောက်ထပ်လေးနှစ်တာဝန်ယူဖို့ အသက်ကြီးလွန်းလှပါပြီဆိုတာကို ရီပတ်ဘလစ်ကန် ပါတီဝင်တွေရဲ့ ၈၉ ရာခိုင်နှုန်းကတင်မကပါဘူး။ ဒီမိုကရက်ပါတီဝင်တွေရဲ့ ၆၉ ရာခိုင်နှုန်းကလည်း အလားတူ ထောက်ခံဆန္ဒမဲပေးခဲ့ကြတယ်လို့ သိရပါတယ်။ လာမယ့် နိုဝင်ဘာလမှာ ၈၁ နှစ်ရှိပြီဖြစ်တဲ့ ဘိုင်ဒန်ဟာ ရွေးကောက်ပွဲနောက်နှစ်ကျင်းပချိန်မှာ အသက် ၈၂ နှစ်ရှိပြီဖြစ်ပြီး သမ္မတအဖြစ်ထပ်မံအနိုင်ရခဲ့ရင် ဒုတိယသက်တမ်းကို အသက် ၈၆ နှစ်အထိ တာဝန်ယူရမှာပါ။

အခြားသော ရီပတ်ဘလစ်ကန်ပါတီက အသက် ၇၇ နှစ်ရှိ ဒေါ်နယ်ထရန့်ကိုတော့ အသက်အရွယ်နဲ့ပတ်သက်လို့ ဂျိုးဘိုင်ဒန်လောက် ဆန္ဒမဲမှာ စိုးရိမ်မှုမဖော်ပြကြဘူးလို့ ဆိုပါတယ်။ ထရန့်အနေနဲ့ သမ္မတအဖြစ် နောက်ထပ်လေးနှစ်တာဝန်ယူဖို့အသက်ကြီးလွန်းလှပါပြီဆိုတာကို အမေရိကန်ပြည်ထောင်စုရဲ့ အရွယ်ရောက်ပြီး လူကြီးများအနက် ၅၁ ရာခိုင်နှုန်းက ထောက်ခံခဲ့ကြပြီး ရီပတ်ဘလစ်ကန်ပါတီဝင်တွေရဲ့ ၂၈ ရာခိုင်နှုန်းနဲ့ ဒီမိုကရက်ပါတီဝင်တွေရဲ့ ၇၁ ရာခိုင်နှုန်းကလည်း ထောက်ခံဆန္ဒမဲပေးခဲ့ကြတယ်လို့ သိရပါတယ်။ ဒါကြောင့် အသက် အရွယ်နဲ့ပတ်သက်လို့ ဒေါ်နယ်ထရန့်အပေါ် ဂျိုးဘိုင်ဒန် လောက်စိုးရိမ်မှုမရှိဘူးလို့လည်း ဆိုရမှာပါ။

ထရန့်အနေနဲ့ တရားစွဲဆိုခံရတာတွေရှိတာတောင် ရီပတ်ဘလစ်ကန်ပါတီရဲ့ သမ္မတလောင်းအဖြစ်အဆိုပြုမှုမှာ အခြားပြိုင်ဘက်တွေထက် သာလွန်ခဲ့ပါတယ်။ သို့သော်လည်း ထရန့် နဲ့ ပတ်သက်လို့အခြားသောပြဿနာတွေတေ့ာ ရှိကြတယ်လို့ စစ်တမ်းကဆိုပါတယ်။

အဆိုပါစစ်တမ်းကို ၂၀၂၃ ခုနှစ် ၊ ဩဂုတ် ၁၀ ရက်မှ ၁၄ ရက်အထိ အရွယ်ရောက်ပြီးသူ အမေရိကန်နိုင်ငံသား ၁,၁၆၅ ဦးကို ဆန္ဒမဲကောက်ယူခဲ့တာလို့ သိရပါတယ်။

Ref—-AP

Leave a Reply

Your email address will not be published. Required fields are marked *