၂၉ .၈. ၂၀၂၃
Written by Peya

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်က ဆန်ရောင်းဝယ်ရေး လုပ်ငန်းတစ်ခုကို အမျိုးသားခြောက်ယောက်က ဓားကိုင်ကာ ဝင်ရောက်ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ရရှိသည့် သတင်းအချက်အလက်ကို ကိုးကားကာ MT News သတင်းဌာနသို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ သြဂုတ် ၂၈ ရက် နေ့လည်ပိုင်းက မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်လမ်းရှိ သုခရှင် ဆန်ရောင်းဝယ်ရေး လုပ်ငန်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူရှင်းသည့် အချိန်ကိုစောင့်ကာ အင်အားသုံးလုပ်သွားခြင်း ဖြစ်မည်ဟု သုံးသပ်ကြောင်း အထက်ပါ နီးစပ်သူက ဆိုသည်။

“လုပ်သွားတာက အမျိုးသား ၆ ယောက်ပါ။ သိရသလောက်က လူငယ်ပိုင်းလည်း ပါတယ်။ လူလတ်ပိုင်းလည်း ပါတယ်လို့ ဆိုတယ်။ အားလုံးက Mask တပ်ပြီးတော့ ဦးထုပ်ဆောင်းလာတာ။ လက်ထဲ ဓားကိုယ်စီ ကိုင်လာတယ်။ သ-တ်ပစ်မယ် ဘာညာ ခြိမ်းခြောက်ပြီး မီးခံသေတ္တာ ဖွင့်ခိုင်းပြီးတော့ သိန်း ၂၀၀ လောက်ကို ယူသွားတာ” ဟု အထက်ပါ နီးစပ်သူက ဆိုသည်။

ထို့အပြင် ဓားပြများသည် ဝန်ထမ်းတစ်ဦး၏ လက်ကိုင်ဖုန်းကိုလည်း ယူသွားခဲ့ပြီး လက်ရှိတွင် တာဝန်ရှိသူများက ကျူးလွန်သူများကို ဖမ်းဆီးနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *