၂၉.၈.၂၀၂၃
Written by Peya

မြန်မာအီလက်ထရောနစ် မဲပေးစက်သည် လျှပ်စစ်မီး မလိုအပ်ဘဲ ထည့်သွင်းထားသော ဘတ္ထရီကို အားအပြည့် သွင်းထားပါက လူပေါင်း ၂ ထောင်ကျော်အထိ မဲပေးနိုင်ကြောင်း တွေ့ရှိရသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံက သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ဩဂုတ် ၂၉ ရက် နံနက်ပိုင်းက ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမနှင့် မွန်းလွဲပိုင်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတို့၌ ပြုလုပ်ခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း ၂၅၈ ဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း ၁၈၄ ဦး တက်ရောက်ပြီး မဲပေးစက်ဖြင့် လက်တွေ့ဆန္ဒမဲပေးကြကြောင်း သိရသည်။

Electronic Voting Machine (MEVM) စက်များအား ဝန်ကြီးဌာနများသို့ သွားရောက်၍ သရုပ်ပြ ရှင်းလင်းဆွေးနွေးခြင်းများကို မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းတစ်ရပ်အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဆောင်ရွက်နေခြင်း ဖြစ်ကာ ဩဂုတ် ၂၃ ရက်အထိ ဝန်ကြီးဌာန ၁၆ ခု၌ အရာထမ်း၊ အမှုထမ်းပေါင်း ၂၉၈၈ ဦးက လက်တွေ့ စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ မဲပေးစက်ကို စက်အသုံးပြုရန် လျှပ်စစ်မီးမလိုအပ်ဘဲ 12 V 7.0 Ah ဘက်ထရီနှစ်လုံးကိုသာ ထည့်သွင်းအသုံးပြုရခြင်းဖြစ်ပြီး ဝန်ကြီးဌာနများ၌ လက်ရှိဆောင်ရွက်လျက်ရှိသော ရှင်းလင်းဆွေးနွေးခြင်းနှင့် သရုပ်ပြပွဲများတွင် အသုံးပြုလျက်ရှိသော MEVM စက်အတွင်း ထည့်သွင်းအသုံးပြုထားသည့် ဘက်ထရီသည် အားအပြည့်ဖြည့်သွင်းထားပါက ရက်သတ္တတစ်ပတ်အတွင်း ဝန်ကြီးဌာန ၁၀ ခုမှ အရာထမ်း/အမှုထမ်းပေါင်း ၂၂၁၅ ဦး စမ်းသပ်မဲပေးပြီးသော်လည်း ဆက်လက်အသုံးပြုနိုင်သေးကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် အားကုန်ခဲ့ပါကလည်း အရန်ဘတ္ထရီဖြင့် အလွယ်တကူလဲလှယ်အသုံးပြုနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံက သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News