၁၇. ၈. ၂၀၂၃
Written By Thandar

ဩဂုတ်လ ၂၁ ရက်ကနေ ဩဂုတ်လ ၂၈ ရက်အထိ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် Nakhon Sawan International Art Workshop & Exhibition 2023 ပွဲတော်ကို မြန်မာပြည်မှ ပန်းချီဆရာ ကိုချမ်းငြိမ်းကျော် နဲ့ ကိုသက်မွန်တို့ သွားရောက်ကြမှာဖြစ်ပါတယ်။

“ထိုင်းနိုင်ငံ Nakhon Sawan မြို့မှာလုပ်တဲ့ international Art Workshop & Exhibition က ဖိတ်ကြားထားတာဖြစ်ပါတယ်။ မြန်မာပြည်က ကိုသက်မွန်နဲ့ ကျွန်တော့်တို့ နှစ်ယောက် သွားရမှာဖြစ်ပါတယ်။ ပြုလုပ်မယ့် ရက်ကတော့ ၂၀၂၃ ဩဂုတ် ၂၁ ရက်က ၂၈ ရက်အထိ ဖြစ်ပါတယ်။ ဒီပွဲမှာ ပါဝင်ရေးဆွဲပြသကြမယ့် နိုင်ငံတွေက ထိုင်းနိုင်ငံ၊ ဗီယက်နမ်၊ ကိုရီးယား၊ တရုတ်၊ အင်ဒိုဒိုးရှား၊ စင်ကာပူ၊ ဂျပန်၊ ထိုင်ဝမ်နဲ့ ဖိလစ်ပိုင်နိုင်ငံ အားလုံး ၁၁ နိုင်ငံမှ ပန်းချီဆရာ အယောက် ၄၀ ကျော်ကို ဖိတ်ကြားထားတယ်လို့ သိရပါတယ်။

မြန်မာပြည်က ပန်းချီကားယူသွားပြီး ပြသရမယ့် ပွဲမျိုးတော့ မဟုတ်ပါဘူး။ Nakhon Sawan မြို့ကို ရောက်မှ သူတို့ သတ်မှတ်ထားတဲ့ရက်အတွင်းမှာ ပြီးနိုင်သလောက် ရေးဆွဲပြီး ပြပွဲအတူတကွ လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။ ဒီလိုရောက်သွားခြင်းအားဖြင့် နိုင်ငံတကာအနုပညာရှင်တွေရဲ့ အတွေးအခေါ် အယူအဆ သူတို့ရဲ့ တင်ပြပုံတွေကို သိရှိရမှာ ဖြစ်ပါတယ်။ ဒါမှ တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးမှုတွေနဲ့ မိတ်ဆွေသစ်တွေလည်း ရရှိမယ့် ပွဲမျိုးပါ။ အဲဒီ workshop မှာ ရောက်မှာ ပန်းချီ ကားသစ်ရေးရမှာဖြစ်လို့ ခုချိန်ထိတော့ ဘာရေးမယ်လို့ မစဥ်းစားမိသေးပါဘူး” လို့ ပန်းချီ ချမ်းငြိမ်းကျော်က ဆိုပါတယ်။

ပန်းချီ ချမ်းငြိမ်းကျော်ဟာ နိုင်ငံတကာ ပြပွဲတွေနဲ့ Art workshops တွေကို ၂၀၀၄ ခုနှစ်ကစတင်ပြီး ပါဝင်ပြသခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ၂၀၀၄ ခုနှစ်ကနေ လက်ရှိအချိန်ထိ ပွဲပေါင်း ၂၉ ပွဲ ကျင်းပခဲ့ဖြစ်တယ်လို့ သိရပါတယ်။ ဟောင်ကောင်၊ အီတလီ၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ တရုတ်၊ ဗီယက်နမ်၊ ထိုင်းနဲ့ တရုတ်တိုင်ပေနိုင်ငံတွေမှာ သွားရောက်ပြသခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်တွင်းမှာလည်း တစ်ကိုယ်တော် ပန်းချီပြပွဲကို ၁၃ ကြိမ်အထိ ကျင်းပထားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *