April 27, 2024

▪️ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အခမဲ့ ဖူးမြော်ခွင့်ရက် တိုးမြှင့်

၁၅. ၈. ၂၀၂၃
Written by Nyien Kyaw

ဩဂုတ်လ ၂၀ ရက်မှစတင်၍ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအတွင်းသို့ ဝင်ရောက်လေ့လာဖူးမြော်မည့်သူများကို နိုင်ငံသားတစ်ဦးလျှင် ကျပ် ၁,၀၀၀ နှင့် နိုင်ငံခြားသားတစ်ဦးလျှင် ၁၀ ဒေါ်လာ ဝင်ကြေးကောက်ခံမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ယနေ့တွင် ထုတ်ပြန်ထားသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဝင်ရောက်လေ့လာဖူးမြော်သူ လူကြီးတစ်ဦးလျှင် ကျပ် ၁,၀၀၀၊ ကလေးတစ်ဦးလျှင် (ရင်ခွင်ပိုက်မပါ) ကျပ် ၁,၀၀၀၊ နိုင်ငံခြားသားတစ်ဦးလျှင် ၁၀ ဒေါ်လာ၊ အပျော်ရိုက်ကင်မရာ (ဖုန်း/ကင်မရာ)အတွက် ကျပ် ၅,၀၀၀၊ အလှရိုက်ဓာတ်ပုံ/Video (Pre-Wedding)အပါ ကျပ် ၅၀,၀၀၀ (နာရီဝက်ပိုတိုင်း ကျပ် ၅,၀၀၀)၊ ယာဉ်ဝင်ခွင့် တစ်စီးလျှင် (ကား Parking အထိ) ကျပ် ၂၀,၀၀၀ နှင့် Buggy တစ်စီးလျှင် (လေးယောက်စီး) တစ်နာရီ ကျပ် ၁၀,၀၀၀ ဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဩဂုတ်လ ၈ ရက်မှ ၁၆ ရက်အထိ အခမဲ့ ဝင်ရောက်လေ့လာ ဖူးမြော်ခွင့်ပြုပေးထားခြင်းဖြစ်သော်လည်း ဩဂုတ်လ ၁၉ ရက်အထိ ထပ်မံတိုးမြှင့်ပေးထားပြီး ဩဂုတ်လ၂၀ ရက်နှင့် နောက်ပိုင်း လာရောက်ဖူးမြော်သူများကိုသာ ဝင်ကြေးကောက်ခံသွားမည်ဖြစ်သည်။ အခမဲ့ဖူးမြော်ခွင့် စတင်ပေးခဲ့သည့်အချိန်မှစ၍ လာရောက်ဖူးမြော်ကြည်ညိုသူ များပြားခဲ့ခြင်းဖြစ်ပြီး ရုံးပိတ်ရက်များတွင် ဘုရားကြီးသို့ ဘုရားဖူးပြည်သူများ ပိုမိုလာရောက်ခဲ့ကြကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက် ရုံးပိတ်ရက် (စနေနေ့) တစ်ရက်တည်းတွင် ရဟန်း၊ ရှင်လူဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုသူ ၅၀,၀၀၀ ခန့်ရှိပြီး ဩဂုတ်လ ၁၃ ရက် ရုံးပိတ်ရက် တနင်္ဂနွေနေ့ တစ်ရက်တည်းတွင် ၈၀,၀၀၀ ခန့်အထိရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ချက်များအရ သိရသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြိုနယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော် အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီတော်များအား ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ရေစက်ချအောင်ပွဲမင်္ဂလာ ကုသိုလ်တော် မဟာမင်္ဂလာအခမ်းအနားများကို ဩဂုတ်လ ၁ ရက်၊ ဒုတိယဝါဆိုလပြည့်နေ့တွင် အောင်မြင်စွာကျင်းပခဲ့သည်။

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း ဘုရား၊ ကျောင်း၊ ကန်၊ သိမ်၊ ဇရပ်၊ တံတား၊ ဥယျာဉ်များ ပြည့်စုံစွာဖြင့် ထည့်သွင်းတည်ဆောက်ထားရှိပြီး ဘုရားဖူးလာပြည်သူများ အနားယူနိုင်ရန်နှင့် ရုပ်ပွားတော်မြတ်ကြီးအား စိတ်အေးချမ်းသာစွာဖြင့် ဖူးမြော်ကြည်ညိုနိုင်ရန် ဂန္ဓကုဋီတိုက်များ၊ သုဓမ္မာဇရပ်များ၊ ရေပန်းရင်ပြင်၊ မာရဝိဇယကျောင်းတော်၊ အဂ္ဂါအဓိပတိ သာသနာ့ဗိမာန်တော်ကြီးနှင့် ဘုရားဖူးလာမိဘပြည်သူများအနေဖြင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ချိန်တွင် ပိဋကတ်သုံးပုံတော်လာ အဋ္ဌကထာဋီကာကျမ်းစာများကို တစ်ပါတည်းလေ့လာ နာယူကြည်ညိုနိုင်ရေး စကျင်ကျောက်ချပ်များပေါ်၌ ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ပါဠိအက္ခရာ၊ ရိုမန်ဘာသာ Romanize Language တိုဖြင့် ကျောက်စာတော်များထွင်းထု၍ ကျောက်စာရုံစေတီ ၇၂၀ ကိုလည်း ထည့်သွင်းတည်ဆောက်ထားခြင်းဖြစ်သည်။

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ကမ္ဘာ့ပေါ်ရှိ ထိုင်တော်မူဆင်းတုတော်များအနက် အကြီးဆုံးရုပ်ပွားတော်ဖြစ်သည့်အပြင် သယ်ယူပို့ဆောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းစဉ်များသည်လည်း အကြီးမားဆုံး ဆောင်ရွက်ချက်များဖြစ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *