MT News

Written by Nay Moe

မိုင်းဆွဲတိုက်ခိုက်ခံရသည့် ရေးမြို့မှ အောင်မင်္ဂလာလူမှုကူညီရေးအသင်း ယာဥ်မောင်း၏ လည်ပင်းဖောက်ဝင်ဒဏ်ရာအား
ကြည့်မြင်တိုင်အရိုးဆေးရုံသို့ လွှဲပြောင်း ကုသမှုခံယူရမည် ဖြစ်ကြောင်း အောင်မင်္ဂလာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ
ကိုဇော်မျိုးမင်းက စက်တင်ဘာ ၁၁ ရက်တွင် MT News သတင်းဌာနသို့ ပြောကြားသည်။

အောင်မင်္ဂလာလူမှုကူညီရေးအသင်း၏ ယာဥ်မောင်းဖြစ်သူ ကိုနေလင်းဦးမှာ လည်ပင်းဖောက်ဝင်ဒဏ်ရာကြောင့် အာရုံကြောထိခိုက်ပြီး ဝဲဘက်လက် လှုပ်ရှား၍မရ၊ ဆန့်နိုင်ကွေးနိုင်ခြင်းမရှိ(အကြောသေ)၊ လည်ပင်းတွင် မိုင်းအစ (၂) စကျန်၊ ရင်ဘတ်နှင့် ဝဲဘက်လက် ထိမခံနိုင်အောင် နာကျင်နေ၍ ရန်ကုန် ကြည့်မြင်တိုင်အရိုးဆေးရုံသို့ လွှဲပြောင်းကုသရမည်ဖြစ်ကာ လည်ပင်းရိုးခွဲစိတ်မှု ပြုလုပ်ပြီးနောက် ကျန်ရှိနေသည့် မိုင်းအစနှင့် အာရုံအကြောများ ပြန်လည် အလုပ်လုပ်နိုင်ရန် ဆေးကုသမှု ခံယူရမည်ဖြစ်သည်။

”စကားလည်း အနည်းအကျဉ်းပြောနိုင်ပြီး၊ ရေနဲ့ဆန်ပြုတ်လည်း သောက်နိုင်နေပါပြီး သတိလည်း ကောင်းမွန်စွာရနေပါပြီ။
တနင်္လာနေ့နံနက် ရေးကထွက်လာမှာဖြစ်လို့ ညနေဘက်ရောက်ပါ့မယ်”ဟုကိုဇော်မျိုးမင်းက ဆိုသည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ လူနာပို့ဆောင်ပြီး ရေးမြို့သို့ ပြန်လာသည့် လူမှုကူညီရေး ယာဉ်တစ်စီးအား ယနေ့နံနက်အစောပိုင်းတွင် PDF အမည်ခံ အကြမ်းဖက်သမားများက သံဖြူဇရပ်မြိုနယ်၊ ပိန္နဲတောကျေးရွာအနီး၌ မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် လူမှုကူညီရေးယာဉ်မောင်းနှင့် အကူယာဉ်မောင်း တို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ဖြစ်စဉ်မှာ ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်နေသူများဖြစ်သည့် မောင်နေလင်းဦး (ခ) အဘစ် (၂၀)နှစ် မောင်းနှင်ပြီး အကူယာဉ်မောင်းအဖြစ် မောင်ညီလင်းထွန်း (ခ) ဇူးဇူး(၁၉)နှစ်တို့ ၂ ဦးသည် အောင်မင်္ဂလာလူမှုကူညီရေးယာဉ်ဖြင့် မော်လမြိုင်မြို့ပြည်သူ့ဆေးရုံကြီးသို့ လူနာသွားရောက် ပို့ဆောင်ပြီး ရေးမြို့သို့ ပြန်လည်ထွက်ခွာလာခဲ့ရာ ယနေ့နံနက် ၁ နာရီခွဲအချိန်ခန့် သံဖြူဇရပ်မြို့နယ်၊ ပိန္နဲတောကျေးရွာအနီးအရောက်၌ PDF အမည်ခံ အကြမ်းဖက်သမားများက လမ်း၏ယာဘက်မှ မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် လူမှုကူညီရေးယာဉ်မှာ လမ်း၏ယာဘက်မြေသားပေါ်သို့ ရောက်ရှိ ရပ်တန့်ခဲ့ပြီး ယာဉ်၏ဦးခေါင်းပိုင်းပျက်စီးကာ ယာဉ်မောင်း မောင်နေလင်းဦး(ခ) အဘစ်တွင် လည်ပင်းမိုင်းစ ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ဝဲမျက်ခုံးကွဲ၊ ဦးခေါင်းနောက်စေ့ပေါက်ပြဲ ဒဏ်ရာများနှင့် မောင်ညီလင်းထွန်း(ခ) ဇူးဇူးတွင် နဖူးယာဘက်ဖူးရောင်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးကုသမှု ခံယူလျက်ရှိသည်။

ထိုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူများ၏ကျန်းမာရေး အခက်အခဲများအား ကိုယ်ကျိုးမငဲ့ ကူညီဆောင်ရွက်နေသည့် ပရဟိတ လူမှုကူညီရေးယာဉ်များအား မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားမှုအရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News