MT News

Written by Tha Doe

၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ စက်တင်ဘာ ၂ ရက်နေ့အထိ ပဲမျိုးစုံတင်ပို့မှုမှ ဒေါ်လာ ၅၄၄ သန်းကျော် ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ထိုသို့ တင်ပို့ရာတွင် ပဲတီစိမ်းအား အများဆုံးတင်ပို့ထားပြီး ပင်လယ်ရေကြောင်းမှ ၂၁၅၃၀၀ ဒသမ ၂၃၆ တန်ဖြင့် ဒေါ်လာ ၁၇၂ သန်းကျော်၊ နယ်စပ်ကုန်သွယ်ရေးစခန်းမှ ၉၃၀၀၈ ဒသမ ၅၂၃ တန်ဖြင့် ဒေါ်လာ ၆၅ သန်းကျော် တင်ပို့ထားပြီး မတ်ပဲကိုမူ ပင်လယ်ရေကြောင်းမှ ၁၇၇၂၇၈ ဒသမ ၁၈၇ တန်ဖြင့် ဒေါ်လာသန်း ၁၅၀ ကျော်၊ နယ်စပ်ကုန်သွယ်ရေးစခန်းမှ ၆၇၈၈ ဒသမ ၀၁၀ တန်ဖြင့် ဒေါ်လာ ၆ သန်းကျော်ဖိုး တင်ပို့ထားသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ကာ ပဲမျိုးစုံအနေဖြင့် တစ်နိုင်ငံလုံး၏ လယ်ယာထွက်ပစ္စည်းထွက်ရှိမှု၏ ၃၃ ရာခိုင်နှုန်းခန့် စိုက်ပျိုးထုတ်လုပ်နေသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ ရာခိုင်နှုန်း ၂၀ ခန့်တွင် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ ၇၂ ရာခိုင်နှုန်းမှာ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ကာ ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးနေသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် စာရင်းများအရ ပင်လယ်ရေကြောင်းမှ ၁၂၄၂၇၇၅ ဒသမ၂၃၁ တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၉၆၆ ဒသမ ၄၀၇ သန်း၊ နယ်စပ်မှ ၇၈၆၉၂၀ ဒသမ ၆၅၁ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၆၀၄ ဒသမ ၃၀၀သန်း၊ စုစုပေါင်း ၂၀၂၉၆၉၅ ဒသမ ၈၈၂ တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၁၅၇၀ ဒသမ ၇၀၇ သန်း တင်ပို့နိုင်ခဲ့ပြီး ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၁-၄-၂၀၂၂မှ ၂-၉-၂၀၂၂ ရက်နေ့အထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ ၅၅၆၀၂၀ ဒသမ ၇၂၈ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၄၄၈ ဒသမ ၃၈၀ သန်း၊ နယ်စပ်မှ ၁၄၂၁၇၃ ဒသမ ၅၄၇ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၉၆ ဒသမ၂၁၃ သန်း၊ စုစုပေါင်း ၆၉၈၁၉၄ ဒသမ ၂၇၅ တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၅၄၄ ဒသမ ၅၉၃ သန်း တင်ပို့ထားနိုင်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News