MT News

Written By Thandar

“ပန်းနုရောင်အိပ်မက်” အချစ်ဒရာမာစီးရီးရဲ့ အမှတ်တရလက်မှတ်ရေးထိုးပွဲနဲ့ Fan Meeting ပွဲကို ဩဂုတ် ၄ ရက် ညနေ ၄ နာရီက ရန်ကုန်မြို့ လှည်းတန်းစင်တာ Promotion Area မှာ ကျင်းပခဲ့ပါတယ်။

” ဒီဇာတ်ကားကို ကျွန်တော့်ဆီ ကမ်းလှမ်းလာတဲ့အချိန်မှာ ဇာတ်လမ်းလေးက ကောင်းသလို ကျွန်တော်ပါဝင်ရမယ့် ဇာတ်ကောင်ကလည်း ကျွန်တော်ရိုက်ချင်တဲ့ ပုံစံလေးမို့ လက်ခံရိုက်ကူးဖြစ်တာပါ။ ရိုက်ကူးတဲ့အချိန်က သင်္ကြန်ပြီးကာစ နွေရာသီဆိုတော့ အရမ်းပူတာကတော့ အမှတ်တရပါပဲ။ နောက်ပြီး ဒီဇာတ်ကားက ကျွန်တော်တို့ လူငယ်တွေစုပေါင်းပြီး ကြိုးစားထားတဲ့ကားလေးပါ။ အခုပြသနေချိန်မှာ အားပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်” လို့ သရုပ်ဆောင် အောင်ရဲထိုက်က ဆိုပါတယ်။

ပန်းနုရောင်အိပ်မက်များရဲ့ ဇာတ်ဝင်တေးကို ဖန်တီးသူ ဝေယံမျိုးမင်းရဲ့ Live Song Performance တွေနဲ့ တေးသီချင်းတွေ သီဆိုဖျော်ဖြေခဲ့ပါတယ်။

Victoria Film Production ကနေ ထုတ်လုပ်ပြီး လူငယ်ဒါရိုက်တာ ပွင့်သိင်္ဂီဇော် ရိုက်ကူးပုံဖော်ထားတဲ့ “Pinky Dreams – ပန်းနုရောင်အိပ်မက်များ” လူငယ်ဆန်ဆန် အချစ်ဇာတ်ကားလေးကို ပုံဖော်ထားတာဖြစ်ပါတယ်။

” ဒီဇာတ်ကားလေးမှာ ကျွန်တော့် ကာရိုက်တာက ဟဲဗီးကြီးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ပါဝင်ရတဲ့ အခန်းတိုင်းကို အကောင်းဆုံးကြိုးစားထားပါတယ်။ ဇာတ်ကားထဲမှာ ကျွန်တော်က မနန်းဆုနဲ့ အများဆုံးတွဲရတာပါ။ ကိုယ်အရင်တည်းက အားကျနှစ်သက်ရတဲ့ စီနီယာမို့ သူ့ဆီကနေပြီး သင်ယူရတာလေးတွေလည်း ရှိခဲ့ပါတယ်။ ဒီဇာတ်ကားလေးက အခု Fortune TV မှာ ပြသနေပြီဖြစ်လို့ အားပေးကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်” လို့ သရုပ်ဆောင် ချာလီက ဆိုပါတယ်။

အပိုင်း ၁၀ ပိုင်း ပါဝင်တဲ့ ဒီဇာတ်ကားမှာ သရုပ်ဆောင်တွေဖြစ်တဲ့ အောင်ရဲထိုက်၊ ချာလီ၊ နန်းဆုဦးနဲ့ မေတိုးခိုင် စတဲ့ လူငယ်သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။

လက်ရှိမှာ ပန်းနုရောင် အိပ်မက်များ ဇာတ်လမ်းတွဲကို ဇူလိုင်၂၈ ရက်ကစတင်ပြီး Fortune TV မှာ ည ၈နာရီတိုင်း တနင်္လာနေ့ကနေ သောကြာနေ့အထိ အပတ်စဉ်ထုတ်လွှင့်ပေးလျက်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *