April 29, 2024

၆. ၈. ၂၀၂၃
Written by Phyo Wei

မြန်မာ့စီးပွားရေးလုပ်ငန်းမှာ စိန်ခေါ်မှု ရင်ဆိုင်နေရပေမဲ့ အော်ရီဒူးမြန်မာရဲ့ နှစ်ဝက်အတွင်း ဝင်ငွေရရှိမှု မြင့်တက်နေတဲ့အပြင် မြန်မာနိုင်ငံ လျှပ်စစ်မီးရရှိစေဖို့ ဆိုလာစွမ်းအင်စီမံကိန်း ၁၀၀ အတွက် အမေရိကန်ဒေါ်လာသန်း ၆၀ ရင်းနှီးမြှုပ်နှံကူညီပေးမယ်လို့ GEAPP(Global Energy Alliance for People and Planet) က ပြောလာတဲ့ ရက်သတ္တပတ်မှာပဲ ငွေကြေးဖောင်းပွမှု ဖိအားတွေကြားက ဇူလိုင်လမှာ လုပ်ငန်းအသစ်တွေ အရှိန်ရနေလို့ မြန်မာ့ကုန်ထုတ်လုပ်မှု ခြောက်လဆက်တိုက် တိုးတက်လာတယ်လို့ ဂျပန်နိုင်ငံက ပြုလုပ်တဲ့ S&P Global မြန်မာ့ထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းမှာ ဖော်ပြလာတာ တွေ့ရပါတယ်။

အခြားတစ်ဖက်မှာလည်း အာဏာပဋိပက္ခဖြစ်ပြီးစကတည်းက မြန်မာနိုင်ငံမှာ ပျောက်ရှသွားတဲ့ ပြေစာပေါ်အခွန်တံဆိပ်မကပ်တဲ့ဆိုင်တွေကို အရေးယူပြီး တိုင်ကြားသူကို ဒဏ်ကြေးရဲ့ ၃၀ ရာခိုင်နှုန်း တပ်ရိုက်ဖို့ပြန်လည်ပြင်ဆင်မှုတွေလည်းရှိလာခဲ့တဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ “၀”ဒေသက ထုတ်လုပ်တင်ပို့မှုပိတ်လိုက်တာကြောင့် ကမ္ဘာ့သံဖြူစျေးမြင့်တက်သွားတဲ့အခြေအနေတွေ၊ မြန်မာ-တရုတ်ကုန်သွယ်မှုကွာဟချက်ဟာ ဒေါ်လာ ၁၇ ဘီလျံနီးပါးဖြစ်နေတာတွေနဲ့ ကျပ် ၂၀၀၀၀ တန်ထုတ်ဝေထားတာ တစ်ပတ်ကျော် ဖြစ်လာပေမဲ့ လူထုကြားမှာ ပျံ့နှံ့မှုမရှိတဲ့အပြင် အမှတ်တရစုဆောင်းလိုသူတွေက လိုက်ဝယ်နေတာကြောင့် ကျပ် ၂၀၀၀၀ တန်တစ်ရွက် ၄၀၀၀၀ အထိဖြစ်လာတာတောင် ငွေလဲလှယ်ရောင်းချလိုသူတွေ လက်ထဲမှာ ပိုက်ဆံမရှိဖြစ်နေတယ်လို့ စျေးကွက်ထဲမှာ ပျံ့နှံ့နေတဲ့အကြောင်းတွေကို တင်ပြချင်ပါတယ်။

” ၀ ပိတ်ဆို့လို့ ကမ္ဘာ့သံဖြူစျေးတက်မှု”

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ထုတ်လုပ်နေတဲ့ တန်ဖိုးကြီးသတ္တုဖြစ်တဲ့ သံဖြူထုတ်လုပ်မှုကို ဩဂုတ်လကစပြီး ရပ်ဆိုင်းမယ်လို့ ဧပြီလမှာ ပြောခဲ့တာကြောင့် ကမ္ဘာ့သံဖြူစျေးကွက်ကို လှုပ်ခတ်သွားပြီး ကြိုပွိုင့်သံဖြူစျေးကွက်မှာ ၁၁ ရာခိုင်နှုန်းတက်သွားပါတယ်။ သံဖြူထုတ်လုပ်မှုကို အများဆုံးအရောင်းအဝယ်ပြုလုပ်နေတဲ့ တရုတ်စျေးကွက်မှာဆို သံဖြူတစ်တန် ယွမ် ၂၃၀၀၀၀ လောက်အထိ ခုန်တက်သွားသလို လန်ဒန်သတ္တုအိတ်ချိန်းစျေးကွက်မှာလည်း သံဖြူတစ်တန် ဒေါ်လာ ၂၉၀၀၀ နား ခုန်တက်သွားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ “ဝ”က သူ့သံဖြူတင်ပို့မှုကို တကယ်ရပ်ဆိုင်းလိုက်တာကြောင့် သံဖြူရယူဖို့အတွက် မြန်မာ့စျေးကွက်ကို မှီနေရတဲ့ တရုတ် Shanghai Futures Exchange မှာ သံဖြူတစ်တန် ဒေါ်လာ ၃၂၀၂၃ အထိ ခုန်တက်တာပါ။ တရုတ်ကတင်သွင်းနေတဲ့သံဖြူရဲ့ ၇၀ ရာခိုင်နှုန်းဟာ မြန်မာက ရနေပြီး တရုတ်ကတစ်ဆင့် အမေရိကန်ကို ဆက်သွားပါတယ်။ အံဩစရာကောင်းတာတစ်ခုကတော့ ဒီလိုမျိုးသံဖြူထုတ်လုပ်မှုဟာ “ဝ” လို ဒေသသေးသေးလေးက ရပ်တာနဲ့ ကမ္ဘာ့စျေးကွက်အထိ လှုပ်ခတ်သွားတာမျိုးဖြစ်စဥ်ဟာ အရင်က မသိခဲ့ရတဲ့ထုတ်လုပ်မှုတွေပါ။ ဒီလိုမျိုး စီးထွက်မှုတွေကလည်း အစိုးရစာရင်းတွေကိုမဝင်လာတာကြောင့် မြန်မာနဲ့တရုတ်ကြား ကုန်သွယ်မှုကွာဟချက်တွေ မြင့်တက်နေရတာလည်းဖြစ်ပါတယ်။

“ဒေါ်လာ ၁၇ ဘီလျံနီးပါးကွာဟတဲ့ မြန်မာ-တရုတ်ကုန်သွယ်မှု”

မြန်မာနဲ့တရုတ်ကြားက ကုန်သွယ်မှုကွာဟချက်တွေကို လေ့လာမယ်ဆို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တစ်နှစ်တည်းမှာကို ဒေါ်လာ ၁၇ ဘီလျံလောက် ကွာဟနေတာပါ။ ဒီအထဲမှာ “ဝ” က တစ်နှစ် တန် ၄၀၀၀၀ လောက် တင်ပို့နေတဲ့ သံဖြူသတ္တူလိုမျိုးအပြင် ကချင်ဘက်က စီးထွက်နေတဲ့ မြေရှား(Rare Earth) လိုမျိုး၊ ကျောက်စိမ်းတွေ၊ ကျွန်းသစ်တွေလိုမျိုးတွေလည်း ပါဝင်နေတာပါ။

ကုန်သွယ်မှုကွာဟချက်မှာဆို မြန်မာဘက်က စီးပွားကူးသန်းစာရင်းတွေအရ ဒေါ်လာ ၉ ဒသမ ၂ ဘီလျံကျော်ပဲရှိနေပြီး တရုတ်ဘက်က အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC) စာရင်းတွေအရ ဒေါ်လာ ၂၆ ဘီလျံလောက်ဖြစ်နေလို့ ကုန်သွယ်မှုကွာဟချက်က ၁၇ ဘီလျံလောက်ဖြစ်နေတာပါ။ ဒီအထဲမှာ “ဝ” တို့ ကချင် တို့ဘက်က သံဖြူတွေ၊ ကျောက်စိမ်းတွေ၊ ကျွန်းသစ်တွေ တင်ပို့နေတာကို သူတို့လက်နက်ကိုင်နယ်မြေတွေအတွက် တင်သွင်းတင်ပို့တာကို ဒေါ်လာ ၇ ဘီလျံလောက်ရှိမယ်ဆို ဒေါ်လာ ၁၀ ဘီလျံလောက်ဟာ တရားမဝင်မှောင်ခိုကုန်သွယ်မှု သဘောဖြစ်နေတာပါ။ ဒီလိုမျိုး ဒေါ်လာ ၁၀ ဘီလျံလောက်ကသာ တိုင်းရင်းသားလက်နက်ကိုင်တွေနယ်မြေကနေဖြတ်ပြီး သယ်နေပြီး ဒီ ပမာဏရဲ့ ၁၀ ရာခိုင်နှုန်းလောက်ကိုသာ ဆက်ကြေးရနေဦးတော့ တိုင်းရင်းသားလက်နက်ကိုင်တွေဟာ ဒီမှောင်ခိုကုန်သွယ်မှုကနေ အနည်းဆုံး တစ်နှစ် ဒေါ်လာ တစ်ဘီလျံလောက်ဝင်ငွေရနေတဲ့သဘောပါ။

“၂၀၀၀၀ တန်က ၄၀၀၀၀ ဖြစ်လာတဲ့ရှားပါးမှု”

ကျပ် ၂၀၀၀၀ တန်တွေ ထုတ်ဝေမယ်ဆိုတဲ့အချိန်မှာ အကန့်အသတ်နဲ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေမယ်ဆိုတာကို ပေါ်လွင်အောင် မကြေညာနိုင်ခဲ့မှုရဲ့ ဆိုးကျိုးအဖြစ် ကုန်စျေးနှုန်းတွေ ၁၀ ရာခိုင်နှုန်းလောက်ခုန်တက်သွားသလို ရွှေစျေးကလည်း ၃၅ သိန်းအထက်က မကျ၊ ဆန်စျေးကလည်း ပေါ်ဆန်းဆန်တစ်အိတ် ၁၃၀၀၀၀ အထိ ဖြစ်သွားနဲ့ ဘက်စုံထိုးနှက်မှုခံလိုက်ရတော့တာပါပဲ။

တကယ့်တကယ်တမ်းမှာလည်း ကျပ် ၂၀၀၀၀ တန်ဖြန့်ဝေမှုဟာ အကန့်အသတ်နဲ့ဖြစ်နေပြီး အစုတ်အပြဲ သိန်း ၃၀ ဖိုးအထိလဲမှ ၂၀၀၀၀ တန် တစ်ရွက်ပေးတာ၊ သိန်း ၆၀ ဖိုးအထိမှ ၂၀၀၀၀ တန် ၂ ရွက်ပဲထည့်ပေးပြီး သိန်း ၁၀၀ ဖိုးလဲမှ ၃ ရွက်ပဲထည့်ပေးလို့ လူထုကြားရှားပါးနေတာကြောင့် အမှတ်တရသိမ်းလိုသူတွေက ၂၀၀၀၀ တန်တစ်ရွက်ကို ၄၀၀၀၀ အထိ စျေးပေးဝယ်နေတာတောင် ငွေလဲလှယ်ရောင်းဝယ်သူတွေက ရောင်းမပေးနိုင်ကြပါဘူး။ ဒီတော့ ၂၀၀၀၀ တန် ထွက်လာတာ တစ်ပတ်ကြာတဲ့အထိ လူထုက မြင်တွေ့ရမှုမရှိပေမဲ့ ကုန်စျေးနှုန်း ဆောင့်တက်သွားတာကတော့ မချိမဆန့်ပါ။

လက်ရှိအခြေအနေမှာ ဒီ ၂၀၀၀၀ တန်ဟာ အများအပြားထုတ်ထားတာမဟုတ်၊ ပေါပေါလောလောဖြန့်နေတာမဟုတ်ဘူးဆိုတာ သက်သေပြနိုင်လာတဲ့အချိန်အခါမှာ တက်သွားတဲ့ကုန်စျေးနှုန်း ပြန်ဆွဲချဖို့လိုအပ်ပါတယ်။ ဟိုးလွန်ခဲ့တဲ့ ၂၀ ရာစုမှာတော့ လက်နက်နဲ့ နိုင်ငံအုပ်ချုပ်တဲ့သူတွေဟာ “ကြောက်အောင်၊ ဆင်းရဲအောင်၊ ပညာမတတ်အောင်” အုပ်ချုပ်နိုင်မှ အာဏာမြဲတာလို့ အယူရှိခဲ့ပေမဲ့ ၂၁ ရာစု ပညာခေတ်မှာတော့ “လူထုသက်သာအေးချမ်းအောင်၊ ချမ်းသာကြွယ်ဝအောင်၊ ပညာတတ်အောင်” လုပ်ပေးနိုင်တဲ့ အစိုးရတွေပဲ အာဏာမြဲတယ်ဆိုတာ ကမ္ဘာ့အတိုးတက်ဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ စင်ကာပူမှာ လီကွမ်ယုတို့သားအဖပဲ အာဏာယူပြထားတာနဲ့ ၂၀၂၁ အရေးအခင်းမှာ ချမ်းသာတဲ့၊ ပညာတတ်တဲ့လူတန်းစားမပါသလောက်ဖြစ်ရတဲ့ အခြေအနေကို ချိန်ဆကြည့်ရင် သိသာမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကို ပြန်ကြည့်မယ်ဆိုရင်လည်း ဦးသိန်းစိန်အစိုးရလက်ထက်ဟာ နိုင်ငံမှာ အတိုးတက်ဆုံးကာလ၊ ဝင်ငွေတွေမြင့်လာ အိမ်ခြံမြေ၊ ရွှေ၊ ငွေ၊ ဒေါ်လာ၊ ကား အားလုံးဟာ ပြည်သူလက်လှမ်းမီခဲ့တဲ့အခြေအနေဖြစ်တာကြောင့် အကောင်းဆုံးအစိုးရလို့ မှတ်ကျောက်တင်ခံရတာမို့လို့ အဲဒီလို ကာလမျိုး ​တောင်းတနေတဲ့ပြည်သူတွေအတွက် အစိုးရတစ်ကောင်းတစ်ရပ်လုပ်ပေးနိုင်တာဟာ “ကုန်စျေးနှုန်းတွေကျဆင်းပြီး ပြည်သူလူထုသက်သာအေးချမ်းသက်သာရေး”ဖြစ်တယ်ဆိုတာ မမေ့အပ်ဖို့တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News