ဝါးတန်းလမ်းရှိ ဆန်ကုန်စည်ဒိုင်တွင် ယခင် ဆန်ရောင်းချပေးမှု တွေ့ရစဉ်။ (Photo-Myanmar Rice)

MT News

Written by Ye Kyaw

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းနှင့် Exporter ကုမ္ပဏီကြီးများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆန်ဈေးနှုန်း တည်ငြိမ်စေရန်အလို့ငှာ ပြည်တွင်းစားသုံးမှုများသည့်ဆန်များကို ဩဂုတ်လ ၇ (တနင်္လာနေ့)မှစတင်၍ ဝါးတန်းလမ်းရှိ ဆန်စပါးကုန်စည်ဒိုင်၊ ဘုရင့်နောင်ရှိ ဆန်စပါးကုန်စည်ဒိုင်များတွင် မှတ်ပုံတင်တစ်ခုလျှင် ကျပ် ၁၂၀,၀၀၀ ထက်မပိုသော ပေါ်ဆန်းဆန် တစ်အိတ်နှင့် ကျပ် ၆၅,၀၀၀ ထက်မပိုသော ဧည့်မထဆန် တစ်အိတ် ရောင်းချပေးမည်ဖြစ်ကြောင်း ယနေ့ ‌ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ ရောင်းချပေးရာတွင် ရွှေဘိုပေါ်ဆန်းမွှေးများကို (၁၀၈) ပေါင် တစ်အိတ် ကျပ် ၁၁၀,၀၀၀ မှ ကျပ် ၁၂၀,၀၀၀ ကြား၊ ဧရာဝတီပေါ်ဆန်းမွှေးဆန်များကို (၁၀၈) ပေါင် တစ်အိတ် ကျပ် ၉၄,၀၀၀ မှ ကျပ် ၉၇,၀၀၀ ကြား၊ ဧည့်မထ (၁၀ %) (၁၀၈) ပေါင် တစ်အိတ်ကို ကျပ် ၆၅,၀၀၀၊ ဧည့်မထ (၂၅%) (၁၀၈) ပေါင် တစ်အိတ်ကို ကျပ် ၆၀,၀၀၀ ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။

အဆိုပါအစီအစဉ်အရ ဝယ်ယူလိုသူများသည် နိုင်ငံသားစိစစ်ရေးကတ်ပြားတင်ပြလျက် ကတ်ပြားတစ်ခုလျှင် တစ်လအတွက် ပေါ်ဆန်းအမျိုးစား ဆန်တစ်အိတ်နှင့် ဧည့်မထအမျိုးအစားဆန် တစ်အိတ်ကို လွတ်လပ်စွာဝယ်ယူနိုင်မည်ဖြစ်သည်။

ဝယ်ယူလိုသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စက်ရုံအလုပ်ရုံ၊ ကုမ္ပဏီဝန်ထမ်းများအနေဖြင့် သက်ဆိုင်ဌာန/စက်ရုံအလုပ်ရုံ၊ ကုမ္ပဏီမှ တင်ပြစာများနှင့် Email:[email protected] သို့ ပေးပို့ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။

ပြီးခဲ့သည့် တစ်နှစ်ခွဲအတွင်း ပြည်တွင်းဆန်ဈေးနှုန်း ဆန်အမျိုးအစားလိုက် ရာခိုင်နှုန်း ၈၀ မှ ၁၄၆ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည့်အပြင် ဆက်လက်မြင့်တက်နေသော ပြည်တွင်းဆန်ဈေးနှုန်းသည် ယခု ၂၀,၀၀၀ တန် ငွေစက္ကူအသစ် ထုတ်ဝေမည်ဆိုသည့်သတင်းကြောင့်လည်း ထပ်မံမြင့်တက်လာမှုများရှိခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *