နိုင်ဂျားတွင် ဇူလိုင်လ ၂၆ ရက် ညနေက အာဏာသိမ်းမှုပြုခဲ့သော ဗိုလ်မှူး‌ကြီးအမာဒိုအက်ဒရာမန် ဦးဆောင်သည့် နိုင်ငံတော် ကာကွယ် စောင့်ရှောက်ရေးကောင်စီ

၂၇. ၇. ၂၀၂၃
Translated by Htwe Ko Tun

အာဖရိကတိုက်အနောက်ပိုင်းရှိ ကုန်းတွင်းပိတ်နိုင်ငံတစ်ခုဖြစ်သော နိုင်ဂျားနိုင်ငံတွင် သမ္မတမိုဟာမက် ဘာဇွန်ကို တာဝန်မှဖယ်ရှားမှုပြုရန် နိုင်ဂျားစစ်တပ်မှ အားထုတ်မှုတစ်ရပ် ဇူလိုင်က ၂၆ ရက်ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်းသိရသည်။

နိုင်ငံရုပ်မြင်သံကြားမှ ကြေညာချက်တစ်ရပ်တွင် ဗိုလ်မှူး‌ကြီး အမာဒို အက်ဒရာမန်က ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာတပ်ဖွဲ့များသည် လက်ရှိအစိုးရကို ဖြုတ်ချရန်ဆုံးဖြတ်ခဲ့ကြောင်း၊ လက်ရှိအစိုးရလက်ထက်တွင် နိုင်ငံ၏ လုံခြုံရေးဆိုင်ရာအခြေအနေများက ဆိုးဝါးလာနေကာ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ စီမံအုပ်ချုပ်မှုများကလည်း အလွန်ညံ့ဖျင်း၍ ဤသို့ဆုံးဖြတ်ခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက နိုင်ငံ၏နယ်စပ်ဒေသများကို ပိတ်ထားကြောင်းနှင့် နိုင်ငံတစ်ဝန်းလုံး၌သတ်မှတ်ချိန်အတွင်း အပြင် မထွက်ရအမိန့်ထုတ်ထားကာ နိုင်ငံတွင်းအဖွဲ့အစည်းများအားလုံးကို ဆောင်ရွက်မှုဆိုင်းငံ့ထားကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ ထို့ပြင် ဗိုလ်မှူး‌ကြီး အမာဒို အက်ဒရာမန်နှင့်အတူ စစ်တပ်အရာရှိကိုးဦး အတူတကွထိုင်လျက်ရှိသောပုံကို ထုတ်ပြန်ခဲ့ကာ ၎င်းတို့ဦးဆောင်သော အာဏာသိမ်း“နိုင်ငံတော် ကာကွယ် စောင့်ရှောက်ရေးကောငိစီ” (National Council for the Safeguarding of the Country)” က ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အာဏာသိမ်းမှုအား ပြည်ပစွက်ဖက်မှုများ မပြုလုပ်ကြရန်လည်း ၎င်းတို့က သတိပေးခဲ့သည်။

ဗိုလ်မှူး‌ကြီးအမာဒိုအက်ဒရာမန်က ကြေညာချက်ထုတ်ပြန်ခဲ့သည်နှင့် အာဏာသိမ်းတပ်ဖွဲ့များက သမ္မတ နန်းတော်ကိုဝိုင်းထားကာ သမ္မတမိုဟာမက် ဘာဇွန်အားဖမ်းဆီးခဲ့သည်။ သို့ရာတွင် ၎င်းက မည်သည့်နေရာတွင်ရှိနေသနည်း(သို့မဟုတ်) ရာထူးမှနုတ်ထွက်ခဲ့သလောဆိုသည်မှာ ရှင်းလင်းစွာမသိရသေးပေ။

ကြေညာချက်မထုတ်ပြန်မီ မြို့တော် နီယာမီး (Niamey) ၏ လမ်းများပေါ်တွင် သမ္မတအားထောက်ခံသူအချို့က အာဏာသိမ်းမှုအလိုမရှိဟု အော်ဟစ်ကြွေးကြော်မှုများပြုခဲ့ကြသည်။ သို့သော် သမ္မတနန်းတော်ဆီမှ ပစ်ခတ်သံများထွက်ပေါ်လာအပြီးနောက်တွင်မူ ဆန္ဒပြသူများ လူစုခွဲထွက်ပြေးကြကြောင်းသိရသည်။

အမေရိကန်၊ ပြင်သစ်နှင့် နိုင်ဂျီးရီးယားတို့အပါအဝင် နိုင်ငံအချို့က အာဏာသိမ်းမှုကို ရှုတ်ချခဲ့ကြသည်။ နိုင်ငံတော် ကာကွယ်စောင့်ရှောက်ရေးကောင်စီကမူ ၎င်းတို့အနေဖြင့် နိုင်ငံတကာနှင့် ထိတွေ့ဆက်ဆံမှုများပြုလုပ်သွားမည်ဟု ပြောခဲ့သည်။

Ref—–Aljazeera, AP

Leave a Reply

Your email address will not be published. Required fields are marked *