April 29, 2024

၂၅. ၇. ၂၀၂၃
Written by Ye Kyaw

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကနေ ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူ ထုတ်ဝေမယ်ဆိုတဲ့ သတင်းထုတ်ပြန် အပြီးမှာတော့ ပြည်တွင်းမှာ ရွှေနဲ့ဒေါ်လာဈေးက သိသိသာမြင့်တက်ခဲ့တာဖြစ်ပြီး နောက်ဆက်တွဲအနေနဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်းမှာလည်း လိုက်ပါမြင့်တက်နေတဲ့အတွက် အချို့ဆန်ဆိုင်များ ပိတ်ထားတဲ့ အခြေအနေထိ ဖြစ်ပေါ်နေတာဖြစ်ပါတယ်။

ဒီလိုပိတ်ထားရတာဟာ ဝယ်လိုအားတွေ မြင့်တက်လာလို့ စီးပွားရေးသမားကြီးတွေက အရောင်းတွေ ပိတ် ကိုယ့်ရှိတဲ့ကုန်ပစ္စည်းလေးကိုပဲ ဈေးနှုန်းအတက်မှာ ရောင်းချဖို့စိတ်ကူးနေတာပဲဖြစ်တယ်လို့ သုံးသပ်မှုတွေရှိပြီး မြေပြင်အခြေအနေမှာလည်း တချို့ဆန်ဆိုင်များ အရောင်းအဝယ်ပိတ်ထားတဲ့ အခြေအနေတွေရှိပါတယ်။

ဒီလိုအခြေအနေတွေကို ရင်ဆိုင်နိုင်ဖို့ “အဝယ်သမားမရှိရင် အရောင်းသမားမရှိပါဘူး။ အတင်းလိုက်ဝယ်နေရင် ကျွန်မတို့ဘက်ကလည်း ဒီဘက်မှာ အတင်းလိုက်ဝယ်ရပါတယ်။ အတင်းလိုက်ဝယ်လေ သူတို့ပါးစပ်ကဆိုသမျှဈေးပေးဝယ်ရလေ အစ်ကိုတို့ အစ်မတို့ကို ဈေးမြှင့်ပြီးရောင်းလေပါ။ ဒါကြောင့် မလိုအပ်သေးရင် အခြေအနေလေး ငြိမ်တဲ့အထိ‌စောင့်ပြီး ဝယ်ယူပေးဖို့ တိုက်တွန်းလိုပါတယ်” လို့ ဆန်ဆိုင်ကြီးတချို့က ၎င်းတို့၏ လူမှု့ကွန်ရက်စာမျက်နှာပေါ်မှာ စားသုံးသူများ သိရှိစေဖို့ အသိပေး ကြေညာထားပါတယ်။

ဒါပေမယ့် ဝင်ငွေတိုးတက်ရရှိဖို့ အခွင့်အလမ်းမရှိတဲ့ အခြေခံလူတန်းစားများအနေနဲ့လည်း စားသောက်ကုန်စရိတ် ပိုမိုမထွက်ရအောင် ဈေးမတက်ခင် ကြိုတင်စုဆောင်းနေတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။ ဒီလိုစိုးရိမ်စိတ်တွေကို အသင့်စောင့်ဆိုင်းနေတဲ့ ဝိသမလောဘသားတွေကလည်း အလားတူဖြစ်စဉ်များကြုံလာတိုင်း ကုန်ဈေးနှုန်းဆွဲတင်ခြင်း၊ တက်သင့်တဲ့ကုန်ဈေးနှုန်းထက် ပို၍ တက်ရောင်းခြင်းတွေကိုလည်း စားသုံးသူပြည်သူများ ခါးစည်းခံနေရတာ သမိုင်းနဲ့ချီနေပါပြီ။

“နို့ဆီဘူးတွေတော့ ဈေးတက်တယ် မနေ့ကစပြီးတော့ပေါ့။ တစ်ဘူးကို ၁၀၀ နဲ့ ၂၀၀ လောက်တက်တယ်။ ပြီးတော့ စားဆီလည်းတက်တယ်။ တစ်ပိဿာကို ငါးရာကနေ တစ်ထောင်ကြားလောက် တက်တယ်။ ဒီနေ့ ပစ္စည်းလာချရင်လည်း တက်မယ်လို့ ပြောနေတယ်။ ဆက်တက်မှာပေါ့” လို့ ဗဟန်းမြို့နယ်အတွင်း လက်ဖက်ရည်ဆိုင်ဖွင့်ထားသူတစ်ဦးက ပြောသည်။

ဒါ့ပြင် အခြေခံပြည်သူတွေရဲ့ အဓိကစားသုံးကုန်ဖြစ်တဲ့ ဆန်ဈေးနှုန်းကလည်း ရက်ပိုင်းအတွင်း တစ်ပြည်ကို ကျပ် ၂၀၀ မှ ကျပ် ၃၀၀ အထိ မြင့်တက်လာတဲ့အပြင် ဆန်ရောင်းဖို့ ဆန်ဝယ်ယူ၍ မရတဲ့ အခြေအနေတွေကိုပါ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

“ဆန်ဈေးကတော့ တစ်ပြည်ကို နှစ်ရာ ကနေ သုံးရာလောက်တက်တယ်။ မနေ့ကပဲ သူတို့ဆန်ဒိုင်ကြီးတွေ အရောင်းဝယ်ပိတ်ထားတယ်။ အရင်ကတည်းက များများလှောင်ထားနိုင်တဲ့ ဆန်ဆိုင်တွေကတော့ ပြဿနာမရှိပေမဲ့ အစ်မတို့လို နည်းနည်းကုန်တော့မှ ပြန်ဝယ်ရောင်းတဲ့ ဆိုင်သေးသမားတွေ ကတော့ မကိုက်ဘူး။ အခုဆန်ဝယ်ဖို့ကို တစ်ပတ်ပိတ်ထားတယ်ပြောတယ် ဂိုဒေါင်တွေကပေါ့။ ဈေးနှုန်း မတည်မငြိမ်ဖြစ်လို့ရယ် ဆန်မဝင်တာရယ်လို့ပဲ သူတို့က ပြောတယ်” လို့ ဗဟန်းမြို့နယ်အတွင်း ဆန်ဆိုင်ဖွင့်ထားသူက ပြောသည်။

အဓိကအခြေခံစားသောက်ကုန်တစ်မျိုးဖြစ်တဲ့ ကြက်သားဈေးကတော့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကြက်၊ ဘဲဈေး (ဒိုင်ဈေး)မှာပင် တစ်ပိဿာ ကျပ် ၇,၀၀၀ အထိမြင့်တက်ခဲ့သော်လည်း ဒီရက်ပိုင်းအတွင်း တစ်ပိဿာ ကျပ် ၆,၀၀၀ ကျော်သို့ ပြန်လည်ကျလာကြောင်း သိရပါတယ်။

“ကြက်သားဈေးက တစ်ပိဿာ ၇,၀၀၀ လောက်အထိ တက်သွားတယ်။ ဒီရက်ပိုင်းမှာတော့ ကျပ် ၆,၀၀၀ ကျော်လာက်ကို ပြန်ကျလာတယ်။ အစ်မတို့ကတော့ တစ်ပိဿာ ၁၀,၀၀၀ ကျော် ပြန်ရောင်းရတာပေါ့” လို့ ပုဇွန်တောင်ဈေးတွင် ကြက်သားရောင်းသူ မမော်က ပြောသည်။

အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ရက်ပိုင်းအတွင်း ငါးမြစ်ချင်း တစ်ပိဿာ ကျပ် ၈,၀၀၀ မှ ကျပ် ၁၁,၀၀၀၊ မွေးမြူရေး (CP)ကြက် တစ်ပိဿာ ကျပ် ၁၂,၀၀၀ မှ ကျပ် ၁၅,၀၀၀၊ ဝက်သား တစ်ပိဿာ ကျပ် ၁၂,၀၀၀ မှ ကျပ် ၁၈,၀၀၀ အထိမြင့်တက်ခဲ့သည်။

ကုန်ခြောက်များဖြစ်တဲ့ စားအုန်းဆီ တစ်ပိဿာ ကျပ် ၆,၈၀၀ မှ ကျပ် ၈,၀၀၀ ၊ ကြက်သွန်နီ တစ်ပိဿာ ကျပ် ၂,၅၀၀ မှ ကျပ် ၃,၀၀၀၊ ကြက်သွန်နီ တစ်ပိဿာ ကျပ် ၇,၅၀၀ မှ ကျပ် ၁၀,၀၀၀ ကျပ်၊ ဧည့်မထဆန် တစ်ပြည် ကျပ် ၃,၇၀၀ မှ ကျပ် ၄,၀၀၀၊ ပေါ်ဆန်းဆန် တစ်ပြည် ကျပ် ၅,၆၀၀ မှ ကျပ် ၆,၀၀၀ အထိမြင့်တက်ခဲ့ခြင်းဖြစ်ပါတယ်။

ဇူလိုင်လ ၂၅ ရက်တွင် ဖြစ်ပေါ်ခဲ့တဲ့ ဆန်ဈေးနှုန်းမှာ သုံးရက်အတွင် ဆန်အမျိုးအစားလိုက် တစ်အိတ်ကို ကျပ် ၁,၀၀၀ မှ ကျပ် ၄,၀၀၀ အကြားမြင့်တက်ခဲ့ကြောင်း ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)မှ ထုတ်ပြန်ထားတဲ့ စာရင်းများအရ သိရသည်။ လက်ရှိတွင် ရွှေဘိုပေါ်ဆန်းဆန် တစ်အိတ် ကျပ် ၁၁၅,၀၀၀၊ ဖျာပုံပေါ်ဆန်းဆန် တစ်အိတ် ကျပ် ၉၃,၀၀၀၊ ကြားပျံရှယ် တစ်အိတ် ကျပ် ၉၈,၀၀၀၊ ဧည့်မထဆန် တစ်အိတ် ကျပ် ၆၅,၀၀၀၊ ငစိန်ဆန်တစ်အိတ် ကျပ် ၆၃,၀၀၀၊ ရက် (၉၀) ဆန် တစ်အိတ် ကျပ် ၇၅,၀၀၀ အထိဖြစ်ပေါ်လျက်ရှိပါတယ်။

လက်ရှိမှာလည်း ရွှေနဲ့ဒေါ်လာဈေးနှုန်းဟာ ကြိုက်ရောင်းကြိုက်ဝယ်ဈေနှုန်း (လန့်ဈေး)ဖြစ်နေပြီး ဇူလိုင်လ ၂၄ ရက်မှာတော့ ရွှေဈေး ကျပ် ၃၅ သိန်းအထိ ခုန်တက်ခဲ့ကာ ဒေါ်လာဈေးမှာ ကျပ် ၃,၄၀၀ ခန့်အထိ မြင့်တက်ခဲ့တာလည်းဖြစ်ပါတယ်။ ဇူလိုင်လ ၂၅ ရက် (ယနေ့)မှာတော့ ရွှေဈေးနှုန်း ကျပ် ၃၄ သိန်းသို့ ပြန်လည်ကျဆင်းခဲ့ပြီး ဒေါ်လာဈေးမှာလည်း ကျပ် ၃,၂၀၀ ဝန်းကျင်သို့ ပြန်လည်ကျဆင်းလာတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့နှစ်မှာလည်း ဒီလိုအလားတူဖြစ်စဥ◌်တစ်ခုဖြစ်ခဲ့ပြီး ရွှေဈေးနှုန်း ကျပ် ၃၈ သိန်းအထိ မြင့်တက်ခဲ့သလို အဆိုပါအမြင့်ဈေးနှုန်းနဲ့ ပိုက်ပေါမိခဲ့သူများလည်း ရှိခဲ့ပါတယ်။ ဒါကြောင့် ဒီလိုဖြစ်စဉ်တွေကို နမူနာယူပြီးတော့ စားသုံးသူများအနေနဲ့ကလည်း ကုန်စည်ဈေးနှုန်းတက်မှာကို စိုးရိမ်တကြီးဝယ်ယူနေမှုတွေ သတိထားဆောင်ရွက်သင့်ပါတယ်။

ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူ အသစ်ကို ဇူလိုင်လ ၃၁ ရက်တွင် ထုတ်ဝေမှာဖြစ်ပြီး ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူထုတ်ဝေတာကို အကြောင်းပြုပြီး ကုန်ဈေးနှုန်းဆွဲတင်ခြင်း၊ ဒေါ်လာဈေးတက်ရန် ကြိုးစားတာတွေက အများပြည်သူအကျိုးစီးပွားပျက်စီးရန် ကြိုးစားသူတွေဖြစ်၍ အရေးယူမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတိပေး ကြေညာထားပါတယ်။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) အစိုးရအနေနဲ့ကလည်း စီးပွားရေးကို ကောင်းစွာထိန်းသိမ်းနိုင်တဲ့ အခြေအနေရှိသလို ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူကိုလည်း အကန့်အသတ်ဖြင့် ထုတ်ဝေပြီး ငွေစက္ကူအဟောင်းနဲ့လဲလှယ်မှာဖြစ်သလို လဲလှယ်တဲ့ငွေစက္ကူအဟောင်းများကိုလည်း ဖျက်စီးသွားမှာ ဖြစ်လို့ ၂၀,၀၀၀ တန်ငွေစက္ကူတွေ အလုံးအရင်းနဲ့ ဝင်လာရန်မရှိဘူးလို့ ဇူလိုင် ၂၄ ရက်တွင် SAC ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အာမခံပြောကြားထားပါတယ်။

“ဒါကြောင့်မို့ပြည်သူလူထုအနေနဲ့ ယုံကြည်စိတ်ချစွာ စီးပွားရေးလုပ်ငန်းတွေကို မိမိတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လုပ်ကိုင်နိုင်ကြောင်း ကျွန်တော့်အနေနဲ့ ဒါအာမခံပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ပါတယ်။

လစာမတိုး၊ ဝင်ငွေတိုးတက်ဖို့မရှိတဲ့ အခြေခံလူတန်းစားများကတော့ ရွှေနဲ့ဒေါ်လာဈေးနှုန်း မြင့်တက် လာတာကို စိတ်မဝင်စားသလို တိုက်ရိုက်ထိခိုက်မှုမရှိတာဖြစ်လို့ ဂရုမစိုက်ပါဘူး။ သို့သော်လည်း သူတို့မသိလိုက်တဲ့အချိန်မှာပဲ ဒီဂယက်တွေရဲ့ နောက်ဆက်တွဲအနေနဲ့ သူတို့ရဲ့မီးဖိုချောင်တံခါးကို လာခေါက်တဲ့ ကုန်ဈေးနှုန်းကြီးကိုတော့ အမှန်တကယ်ကြောက်ကြရပါတယ်။

မြန်မာနိုင်ငံမှာ တက်ပြီးပြန်မကျတဲ့ ကုန်စည်ဈေးနှုန်းတွေကို ကျဖို့ထက် မတက်အောင် ထိန်းနိုင်မယ် ဆိုရင်ပဲ အခြေခံလူတန်းစားတွေအနေနဲ့ အသက်ရှူချောင်မှာဖြစ်ပါတယ်။ ရွှေနဲ့ငွေ ဈေးကွက်တွေကို အရေးကြီးထိန်းသိမ်းနေသလို ကုန်ဈေးနှုန်းမတက်ဖို့ကိုလည်း စောင့်ကြည့်ထိန်းသိမ်းပေးဖို့လိုအပ်နေတယ်လို့သုံးသပ်မိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News