၂၄. ၇. ၂၀၂၃

Written by Nyein Kyaw

ကမ္ဘာ့ရွှေဈေးမြင့်တက်မှုမရှိသော်လည်း ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူထုတ်ဝေမည့် သတင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃၅ သိန်းအထိ ခုန်တက်ခဲ့ပြီး တစ်ဒေါ်လာ ကျပ် ၃,၄၀၀ အထိမြင့်တက်လာခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၂၄ ရက် (ယနေ့)တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စကို ၁,၉၆၁ ဒေါ်လာရှိပြီး ဈေးနှုန်းမြင့်တက်မှုမရှိသော်လည်း ပြည်တွင်းရွှေဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သား ရောင်းဈေး ကျပ် ၃၅ သိန်းနှင့် ဝယ်ဈေး ကျပ် ၃,၄၈၀,၀၀၀ ဖြင့် အရောင်းအဝယ်ပြုလုပ်လျက်ရှိပြီး ဒေါ်လာဈေးနှုန်းသည် တစ်ဒေါ်လာ ကျပ် ၃,၃၇၀ အထိမြင့်တက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ရွှေနှင့်ဒေါ်လာဈေးနှုန်းသည် ကြိုက်ရောင်းကြိုက်ဝယ်ဈေးနှုန်း(လန့်ဈေး)ဖြစ်နေပြီး ယခင်နှစ်တွင်လည်း ယခုကဲ့သို့ ရွှေဈေးနှုန်းမြင့်တက်မှုကြောင့် ကျပ် ၃၈ သိန်းအထိ ဖြစ်ပေါ်ခဲ့ချိန်တွင် ပိုက်ဘောမိခဲ့သူများလည်းရှိခဲ့သည်ကို သတိထားသင့်ကြောင်း ရွှေနှင့်ဒေါ်လာ အရောင်းအဝယ် ဆောင်ရွက်နေသူတချို့က သုံးသပ်ထားသည်။

ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူထုတ်ဝေမည်ဟု ဗဟိုဘက်က ထုတ်ပြန်ပြီးနောက် ပြည်တွင်းရွှေဈေးကွက်၌ ဇူလိုင်လ ၂၄ ရက်(ယနေ့) မနက်ပိုင်းတွင် ရွှေဈေးနှုန်းအတက်အကျ အရမ်းမြန်နေပြီး ရွှေဆိုင်တချို့ ရွှေအရောင်းအဝယ်ပြုလုပ်မှု ရပ်ဆိုင်းထားကြောင်း ပြည်တွင်းရွှေလုပ်ငန်းရှင်များထံမှ သိရသည်။

ကျပ်နှစ်သောင်းတန် ငွေစက္ကူ အသစ်ကို ဇူလိုင်လ ၃၁ ရက်တွင် ထုတ်ဝေမည်ဖြစ်ကြောင်း၊ ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူထုတ်ဝေမှု အကြောင်းပြုပြီး ကုန်ဈေးနှုန်းဆွဲတင်ခြင်း၊ ဒေါ်လာဈေးတက်ရန် ကြိုးစားခြင်းသည် အများပြည်သူအကျိုးစီးပွားပျက်စီးရန် ကြိုးစားသူများဖြစ်၍ အရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတိပေးကြေညာထားသည်။

ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများသည် ဇူလိုင်လ ၁၇ ရက်တွင် ရွှေဈေးနှုန်း ၃,၂၄၈,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၁၄၀ ကျပ်၊ ဇူလိုင်လ ၁၈ ရက်တွင် ရွှေဈေးနှုန်း ၃,၂၅၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၁၂၀ ကျပ်၊ ဇူလိုင်လ ၂၀ ရက်တွင် ရွှေဈေးနှုန်း ၃,၂၆၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၁၁၀ ကျပ်၊ ဇူလိုင်လ ၂၁ ရက်တွင် ရွှေဈေးနှုန်း ၃,၂၆၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၁၄၀ ကျပ်၊ ဇူလိုင်လ ၂၂ ရက်တွင် ရွှေဈေးနှုန်း ၃,၂၇၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၁၂၀ ကျပ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *