၂၅. ၇. ၂၀၂၃
Written by Peya

ယခင်က နှစ်ရက်တက်ခဲ့ရသည့် နိုင်ငံအလိုက် ပြည်ပ အလုပ်အကိုင်ဆိုင်ရာ လမ်းညွှန်သင်တန်းကို လာမည့် ရက်ပိုင်းမှ စတင်ကာ နာရီပိုင်းသာ သင်ကြားတော့မည် ဖြစ်ကြောင်း မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEF) မှ တာဝန်ရှိသူ တစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

အဆိုပါ သင်တန်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်က ပင်လုံခန်းမတွင် ပို့ချခဲ့ခြင်းဖြစ်ပြီး အသစ်ဖွင့်လှစ်ခဲ့သည့် ထိုင်းနိုင်ငံသို့ သွားမည့် သူများမှ လွဲ၍ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် အရှေ့အလယ်ပိုင်းဒေသ စသည်ဖြင့် နေရာများသို့ သွားရောက်အလုပ်လုပ်မည့်သူများအတွက် သင်တန်းကို နှစ်ရက် ပေးခဲ့ခြင်း ဖြစ်သည်။

“ဟုတ်တယ်။ နှစ်နာရီပဲ သင်မှာတော့မှာပါ။ နှစ်ရက်တက်စရာ မလိုတော့တဲ့ အပြင်နှစ်နာရီပဲ သင်တော့မှာပါ။ MOEAF က လုပ်တာလေ။ လောလောဆယ် (သင်တန်းဆရာက) အလုပ်သမား ဝန်ကြီးဌာနကပဲ ဖြစ်မယ်။ ကျွန်တော်တို့က ကြီးကြပ်ပေးတဲ့ သဘောပါပဲ။ ကိုယ့်အပိုင်းနဲ့ ကိုယ် ခွဲလိုက်တာပေါ့။ ဥပမာ တစ်ရက်ကို လေးချိန် သင်လို့ ရတယ်။ တစ်ချိန်က နှစ်နာရီဆို တစ်နေ့ကို ရှစ်နာရီ သင်လို့ ရပြီး စာသင်ချိန် တစ်ခုမှာ လူ ၂၀၀ လောက် ရတယ်။ ထိုင်းကတော့ တစ်နေ့ကို လူ ၈၀၀ လောက် ရတယ်” ဟု အဆိုပါ တာဝန်ရှိသူ ကဆိုသည်။

ထိုသို့ ဆောင်ရွက်ပေးလိုက်သည့်အတွက် အလုပ်သမားများအနေဖြင့် သက်သာသွားမည် ဖြစ်ကြောင်း၊ လာမည့် ဩဂုတ်လ ၂ ရက်မှ စတင်ကာ MOEAF သို့ လွှဲပေးမည် ဖြစ်ကြောင်းလည်း သိရသည်။

“အရင်တုန်းကတော့ ထိုင်းကလွဲပြီး အားလုံး ဘယ်နိုင်ငံ ဖြစ်ဖြစ် နှစ်ရက်သင်ရတာ ချည်းပဲ။ အခုက ကိုယ့်အပိုင်းကိုယ် ၂ နာရီပဲ သင်။ မလေးရှားကလည်း မလေးရှားပဲ သင်။ ဂျပန်ကလည်း ဂျပန်ဟာပဲ သင်၊ ပြီးပြီ” ဟု ၎င်းက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *