◾ ဟောင်းနွမ်းငွေစက္ကူဖြင့် လဲလှယ်ပေးရာတွင် လူတစ်ဦးလျှင် နှစ်သောင်းတန်ငွေစက္ကူ (၃) ရွက်သာ လဲလှယ်ခွင့်ပြုမည်

၂၃.၇.၂၀၂၃
Written by Ye Kyaw

ကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်ဝေခြင်းမှာ အမှတ်တရအနေဖြင့်လည်းကောင်း၊ အကန့်အသတ်ဖြင့်သာ ငွေစက္ကူအဟောင်းအား အစားထိုးလဲလှယ်ပေးခြင်းဖြစ်၍လည်းကောင်း ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဇူလိုင်လ ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။

ဟောင်းနွမ်း ငွေစက္ကူများကို အစားထိုးလဲလှယ်ပေးခြင်းတွင် လူတစ်ဦးလျှင် နှစ်သောင်းကျပ်တန်ငွေစက္ကူ (၃)ရွက်ခန့်သာ လဲလှယ်နိုင်မည်ဖြစ်ပြီး အမှတ်တရအနေဖြင့် တန်ဖိုးတူပြန်လည်ထည့်သွင်း လဲလှယ်ပေးခြင်းဖြစ်သည့်အတွက် အကန့်အသတ်ဖြင့်သာ လဲလှယ်ပေးခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေကြေးဖောင်းပွမှု လျော့နည်းကျဆင်းစေရန်နှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းချုပ်နိုင်စေရန်အတွက် ဆောင်ရွက်လျက်ရှိသော ငွေကြေးမူဝါဒမှာ တိုင်းပြည်၏စီးပွားရေးကို ပိုမိုအထောက်အကူဖြစ်ရန်နှင့် နှစ်စဉ်လျာထားသည့် အမျိုးသား ပြည်တွင်းထုတ်ကုန် GDP ရည်မှန်းချက်နှင့်အညီ ငွေကြေးစနစ်အတွင်းရှိ ထားရှိသင့်သည့် သီးသန့်ငွေကြေးပမာဏအား တွက်ချက်၍ သတ်မှတ်ပမာဏအတွင်း ရောက်ရှိစေရန် ဆောင်ရွက်သော ငွေကြေးမူဝါဒဘောင်ကို အဓိကထား ဆောင်ရွက်လျက်ရှိကြောင်း‌ ထုတ်ပြန်ထားသည်။

စီးပွားရေးလုပ်ငန်းများကို ပိုမိုအရှိန်မြှင့်ဆောင်ရွက်နိုင်ရန် အတိုးနှုန်း မြှင့်တင်ခြင်းထက် စီးပွားရေးစနစ်အတွင်း ထားရှိသင့်သည့် သီးသန့်ငွေကြေးပမာဏအား အတိုး/ အလျော့ ပြုလုပ်နိုင်သည့် ဘဏ်များက ဗဟိုဘဏ်တွင် ထားရှိရမည့် သီးသန့်ငွေကြေး ပမာဏအချိုး (Reserve Requirement Ratio) မြှင့်တင်ခြင်း/ လျှော့ချခြင်းဖြင့် ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံ၏စီးပွားရေးစနစ်အတွင်းရှိ စုစုပေါင်း ငွေကြေးပမာဏကို စဉ်ဆက်မပြတ် စောင့်ကြည့် စိစစ်လျက်ရှိပြီး၊ ရည်မှန်းချက်ပမာဏအတွင်း တွင်သာ ရှိစေရန် ယင်း ပမာဏကို နှုတ်သိမ်းခြင်း၊ ထည့်သွင်းခြင်းတို့ကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်လျက် ရှိသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အတန်အသင့် တင်းကြပ်သော ငွေကြေးမူဝါဒကို ကျင့်သုံးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

သို့ဖြစ်၍ အထက်ဖော်ပြပါ ငွေကြေးမူဝါဒ နည်းလမ်းများ၊ ငွေရေးကြေးရေးကဏ္ဍတည်ငြိမ်စေရန် နည်းလမ်းများနှင့် ငွေပေးချေမှုနှင့်စာရင်းရှင်းလင်းမှု တိုးတက်စေရန် ဆောင်ရွက်မှုများကြောင့်၊ နိုင်ငံစီးပွားရေးစနစ် အတွင်းရှိ  ဘဏ်များတွင် အပ်နှံငွေ များ တိုးတက်လျက်ရှိသကဲ့သို့ စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သော ချေးငွေများလည်း တိုးတက်ထုတ်ပေးလျက်ရှိသည်။

ထို့အတူ နိုင်ငံစီးပွားရေး စနစ်အတွင်း လှည့်လည် သုံးစွဲငွေ (Currency in Circulation  CIC) များ လျော့နည်းကျဆင်းခဲ့ကြောင်း၊ CIC တိုးတက်မှုနှုန်းသည် ၂၀၂၁ ခုနှစ်တွင် ၄၈ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ၂၉  ရာခိုင်နှုန်း သို့လည်းကောင်း ၂၀၂၃ ခုနှစ် မေလတွင် ၁၁ ရာခိုင်နှုန်းသို့ လည်းကောင်း ကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံခြားငွေလဲလှယ်နှုန်းမှတစ်ဆင့် ငွေကြေးဖောင်းပွမှု မြင့်တက်စေခြင်း မဖြစ်စေရန် အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိသည်။

နေ့စဉ် နိုင်ငံခြားငွေ စီးဝင်မှု/ စီးထွက်မှုအား နီးကပ်စွာ စောင့်ကြည့်စိစစ်လျက်ရှိပြီး ဈေးကွက်အတွင်း နိုင်ငံခြားငွေ လိုအပ်ချက် များရှိလာပါက Financing ပေးခြင်း၊ ရောင်းချပေးခြင်းနှင့် နိုင်ငံခြားငွေဝယ်ယူ ထိန်းသိမ်း ထားသည့် ဘဏ်များအား နိုင်ငံခြားငွေလိုအပ်သော သွင်းကုန် တင်သွင်းသူများနှင့် စီးပွားရေးလုပ်ငန်းများထံသို့ ရောင်းချစေခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ ယခု အခြေအနေအရ နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်အကျ မကြမ်းဘဲ တည်ငြိမ်နေကြောင်း အသိပေးဖော်ပြထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဦးစီးဆောင်ရွက်လျက်ရှိသည့် ဘဏ်များအကြား Online နိုင်ငံခြားငွေကြေးဈေးကွက်တွင် ဖြစ်ပေါ်လျက်ရှိသည့် Exchange Rate ကို ကြည့်နိုင်ကြောင်းနှင့် Online နိုင်ငံခြားငွေကြေးဈေးကွက်တွင်  သွင်းကုန်တင်သွင်းသူများအတွက် လိုအပ်သည့် နိုင်ငံခြားငွေအားရယူနိုင်လျက်ရှိသဖြင့် စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သော  သွင်းအားစုများနှင့် ဈေးကွက်အတွင်းလိုအပ်သော သွင်းကုန်များကို တင်သွင်းနိုင်လျက်ရှိကြောင်း ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News